Monday, October 17, 2011

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်ရန် တိုင်းရင်းသား ၅ ပါတီ တိုက်တွန်း

ခင်ဦးသာ on October 17, 2011

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ နိုင်ငံရေးပါတီ တည်ထောင်၍ ရွေးကောက်ပွဲဝင်ရန် တိုင်းရင်း သားပါတီ ၅ ပါတီက ကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက်သည်။

၂၀၁၀ ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသော ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသား ၅ ပါတီက အောက် တိုဘာလ ၁၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်သော ကြေညာချက်တွင် အထက်ပါအတိုင်း ရေးသားထားသည်။

တိုင်းရင်းသား ၅ ပါတီ က အဆိုပြုခြင်းသည် ဒီမိုကရက်တစ် အတိုက်အခံအင်အားစုများ ပိုမိုအားကောင်းလာစေရန် ရည်ရွယ် ချက်ဖြင့် ပြုလုပ်သည်ဟု ယူဆကြောင်း၊ ထိုကိစ္စ အပေါ် မှတ်ချက်မပေးလိုကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီ ၏ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ဆိုသည်။

ထိုကြေညာချက်နှင့် ပတ်သက်၍ ဦးဉာဏ်ဝင်းက “NLD အနေနဲ့ ပါတီ မှတ်ပုံရေး၊ မတင်ရေး၊ ရွေးကောက်ပွဲဝင်၊ မဝင် ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဆုံးဖြတ်ထားတာ တစုံတရာ မရှိသေးပါဘူး” ဟု ဆက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ခြင်းကို ကြိုဆိုကြောင်း၊ မတူသည်ကို ဘေးဖယ်၍ တူသည့် အရာများကို ပူးပေါင်းဆောင်ရွက်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများအား ပြောဆိုထားခြင်းကြောင့် အားလုံးနှင့် ပူးပေါင်းကာ နိုင်ငံရေးကိစ္စများ ဆောင်ရွက်ရန် တိုက်တွန်းရခြင်းဖြစ်ကြောင်း ကြေညာချက် ထုတ်ရာ၌ ပါဝင်ခဲ့သော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၏ ဥက္ကဋ္ဌ နိုင်ငွေသိန်းက ရှင်းပြသည်။

“ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပြင်ပကနေပြီး နိုင်ငံရေးတွေလုပ်နေတာ တွေ့ရတယ်။ ဒါပေမယ့် နိုင်ငံရေးအရ အသိအမှတ် ပြုခြင်းခံရတာ မတွေ့ရသေးတော့ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်စေချင်တယ်။ တရားဝင် လုပ်တော့ ပိုကောင်းတာပေါ့” ဟု ၎င်းက ဆိုသည်။

NLD ပါတီ တရားဝင်မှတ်ပုံတင်ပြီး နိုင်ငံရေး လုပ်ငန်းများ ဆောင်ရွက်မည် ဆိုပါက အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်ရာတွင် လည်းကောင်း၊ ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင်လည်းကောင်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်
ပိုမို ဆောင်ရွက်နိုင်လိမ့်မည်ဟု ယူဆကြောင်း နိုင်ငွေသိန်းက ပြောသည်။

သမ္မတ ဦးသိန်းစိန် အစိုးရ၏ ရွေးကောက်ပွဲ ကော်မရှင်သည် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ကျင်းပခဲ့သော လွှတ်တော် အစည်းအဝေးများ၌ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတရပ်ကို တင်သွင်း ဆွေးနွေး ခဲ့ကြသော်လည်း အတည်မပြုရသေးပေ။

ထိုဥပဒေ မူကြမ်းအား ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ထိုဥပဒေ မူကြမ်း၌ နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်မည့် သူများသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား လေးစားလိုက်နာရမည် ဖြစ်ကြောင်းနှင့် ပြစ်ဒဏ် ကျခံဖူးသူများကိုလည်း ရွေးကောက်ပွဲ ၀င်ရောက်ခွင့် ပြုမည်ဖြစ်ကြောင်း ပါရှိသည်။

NLD ပါတီသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်အလက် တချို့အား သဘောမတူသည့်အတွက် ၂၀၁၀ ရွေးကောက် ပွဲကို သပိတ်မှောက်ထားသည်။

သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် အကျဉ်းသား ၆၀၀၀ ကျော်အနက် ယုံကြည်ချက်ကြောင့် အကျဉ်းချခံထား ရသော နိုင်ငံရေးအကျဉ်းသား တချို့ လွတ်မြောက်လာခြင်းကို ကြိုဆိုကြောင်းလည်း နိုင်ငွေသိန်းက ဆိုသည်။

ထို့အတူ နှစ်ရှည်လများ အကျဉ်းကျခံနေရသော ဦးခွန်ထွန်းဦးအပါအဝင် တိုင်းရင်းသား ခေါင်းဆောင်များ၊ ၈၈ ကျောင်းသားခေါ င်းဆောင် ကိုမင်းကိုနိုင်နှင့် ကျောင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေး အကျဉ်းသားများ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန်လည်း တိုင်းရင်းသား ၅ ပါတီ၏ ကြေညာချက်၌ ထည့်သွင်း တောင်းဆိုထားသည်။

တိုင်းရင်းသားဒေသများ၌ စစ်ရေး ပဋိပက္ခများ ဆက်လက် ဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍ ဖွဲ့စည်းခဲ့ပြီးဖြစ်သော ငြိမ်းချမ်းရေး ကော်မတီတွင် တိုင်းရင်းသားပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဂုဏ်သိက္ခာရှိသော ပုဂ္ဂိုလ်များ၊ ပညာရှင်များဖြင့် ဖြည့်စွက် ဖွဲ့စည်းပေးရန်နှင့် ငြိမ်းချမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပေးရန်အတွက်လည်း ၎င်းတို့က တောင်းဆို ထားကြသည်။

တိုင်းရင်းသား ၅ ပါတီနှင့် ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ အမျိုးသားဒီမိုကရက်တစ် အင်အားစု (NDF) စသည့် ၁၀ ပါတီ မဟာ မိတ် အဖွဲ့ကလည်း မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ထားမှုကို ရုပ်သိမ်းပေးရန် ဥရောပ သမဂ္ဂထံ မေတ္တာရပ်ခံ စာတစောင် အား ယမန်နေ့က ပေးပို့ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment