Monday, October 17, 2011

ကျောင်းသားအပါအဝင် ဒေသခံများ ဗန်းမော် – လွယ်ဂျယ်လမ်း၌ ပိတ်မိ

ဒီဗွီဘီ

ကချင်ပြည်နယ် ဗန်းမော်နဲ့ လွယ်ဂျယ် လမ်းပေါ်ရှိ မိုးမောက်မြို့ အထွက် ကျောက်စခန်း အနီးမှာ မနေ့က ကချင် လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ)နဲ့ အစိုးရ တပ်တွေ တိုက်ပွဲဖြစ် ပွားပြီးနောက် မိုးမောက်မြို့နဲ့ စိန်လုံ ကျေးရွာ အကြားရှိ လော့ဒန် ကျေးရွာမှာ ကျောင်းသား၊ ကျောင်းသူတွေ အပါအဝင် လူ ၆ဝဝ ခန့် ခရီး ဆက်မရဘဲ လမ်းမှာ ပိတ်မိ နေပါတယ်။

သီတင်းကျွတ်ကျောင်းပိတ်ရက်အပြီး ကျောင်းပြန်တက်ဖို့ ဗန်းမော်ဘက် ပြန်တဲ့ တက္ကသိုလ်၊ ကောလိပ်၊ အထက်တန်းကျောင်းသားတွေ အပါအဝင် ဆိုင်ကယ် ကယ်ရီသမားတွေနဲ့ ခရီးသည်တွေဟာ လွယ်ဂျယ်ဘက်ကနေ ဗန်းမော်မြို့ကို မနေ့က မနက်ပိုင်းက ဆိုင်ကယ်တွေနဲ့ ဆင်းသွားခဲ့ရာ လော့ဒန်ကျေးရွာမှာ ပိတ်မိနေတယ်လို့ လွယ်ဂျယ်ဒေသခံတဦးက ပြောပါတယ်။

“ကျောင်းသားတွေ အပါအ၀င် ပိတ်မိနေတယ်။ လမ်းကြောင်း ပိတ်လိုက်တာ ဆင်းလို့မရတော့တာ။ အောက်မှာ စစ်တပ်က ပစ်နေခတ်နေတာကို။ လွယ်ဂျယ်လည်း ပြန်တက်လို့ မရဘူး၊ ဆုတ်မယ် ဆိုရင်လည်း စိန်လုံက ပေးမသွားတော့ဘူး စစ်တပ်က။ ကျောက်စခန်းမှာက တိုက်နေတာ။ အောက်ဘက်ကနေ တကယ်လို့ လက်နက်ကြီးပစ်ရင် ပြည်သူလူထုကြား တကယ်ကို ဒုက္ခရောက်မှာ။ ခြောက်ရာ ခုနှစ်ရာလောက် ပိတ်မိနေတယ်ဗျ။”

လူထုတွေ ပိတ်မိနေတဲ့ လော့ဒန်ကျေးရွာမှာ ကေအိုင်အေကလည်း တပ်စခန်း ထိုင်ထားတဲ့အတွက် စစ်တပ် တပ်စွဲရာ ကျောက်စခန်းကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်မှာကို ဒေသခံတွေအကြား စိုးရိမ်နေကြတယ်လို့ လွယ်ဂျယ်ဒေသခံက ပြောပါ တယ်။

“ကေအိုင်အေက ရှိနေတယ် ခင်ဗျ။ ရောနှောပြီး နေကြတဲ့အခါ ကေအိုင်အေ ကတော့ ပြည်သူလူထုကို ထိမှာ စိုးတာပေါ့။ မိုးမောက်အကျော် ကျောက်စခန်းကနေ တညလုံး တောက်လျှောက်ပစ်နေတာ။ ပြည်သူတွေ ဘယ်လောက်တောင် သေတယ်ဆိုတာ သတင်းတောင် မရသေးဘူး။ မနေ့က အောက်မှာ ဘာဖြစ်တယ် မသိဘူး။ ရှမ်းကလေးတယောက် ဆင်းသွားတာ၊ အဲဒီ ရှမ်းကလေးကို ကျောက်စခန်းမှာ ပစ်သတ်လိုက်တယ်လို့ ကြားတယ်။ ၁၇ နှစ်လောက်ပဲ ရှိသေးတယ်။ စိတ်ပူတာပေါ့၊ တကယ်လို့သာ အောက်ကနေ ပစ်ရင် ဒုက္ခရောက်ကုန်မှာ။”

စိန်လုံစခန်းမှာ ခလရ ၃၂၁ က တပ်ခွဲတခွဲတပ်စွဲထားပြီး မနေ့ကစလို့ ဗန်းမော်ဘက် ပြန်ဆင်းမယ့် ခရီးသည်တွေကို အတင်းအကျပ် စစ်ဆေးနေလို့ ရှေ့ဆက်မသွားတော့ဘဲ လွယ်ဂျယ်က ပြန်လာခဲ့သူ တဦးကလည်း ခုလို ပြောပါတယ်။

“သေနတ်နဲ့ တေ့ထားပြီးမှ ပစ္စည်းတွေ ကားလမ်းပေါ် အကုန်ပုံခိုင်းတာ။ ကျနော်တို့ လူကောင်းတွေပါ ပြောပြတာကိုလည်း မရဘူး၊ ခင်ဗျားတို့ အားလုံး သူပုန်ပဲတဲ့။ ကျောင်းသားလေး နှစ်ယောက်ဆို သေနတ်နဲ့ တေ့ချိန်ထားပြီးမှ မင်းကျောင်းသား ကတ်လည်း လာမပြနဲ့၊ မင်းတို့အားလုံး မယုံဘူး၊ ပစ်သတ်မယ် လုပ်တာ။ စိန်လုံက တပ်က။ ပစ္စည်းတွေ အကုန်သွန်၊ သေနတ်နဲ့ချိန်ပြီး လာတဲ့လူအားလုံးကို လုပ်နေတယ်။ ကျနော်တို့လည်း ဘယ်သွားရဲတော့မလဲ။ အစစ်ဆေးခံပြီးမှ ပြန်လှည့်လာခဲ့တာ။

ဗန်းမော်-လွယ်ဂျယ်လမ်းမှာ မိုးမောက်မြို့အထွက် ကျောက်စခန်းအနီးကစလို့ လွယ်ဂျယ်အနီး ယောရုံကျေးရွာအထိ လမ်းပိုင်းအတော်များများကို ကေအိုင်အေက ထိန်းချုပ်ထားပြီး အဲဒီလမ်းပိုင်းကြားထဲကမှ စိန်လုံကျေးရွာကိုတော့ စစ်တပ်က ထိန်းချုပ်ထားတာပါ။

တရုတ် – မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ လွယ်ဂျယ် – ဗန်းမော်လမ်းဟာ ကုန်သွယ်မှု မလုပ်နိုင်ဘဲ ရပ်ထားရပြီး လမ်းတံတားတွေလည်း မိုင်းခွဲဖျက်ဆီးခံထားရတာမို့ ဆိုင်ကယ်တွေနဲ့ သွားလာနေရတာပါ။

ဒီနှစ် ဇွန်လဆန်းပိုင်းကစလို့ ဗန်းမော်ခရိုင်အတွင်းရှိ တာပိန်ရေအား လျှပ်စစ်စက်ရုံ စီမံကိန်းဒေသအတွင်း ကေအိုင်အေနဲ့ မြန်မာအစိုးရစစ်တပ်တွေ အကြား တိုက်ပွဲဖြစ်ခဲ့ရာကအစပြုလို့ နေရာအနှံ့ တိုက်ပွဲတွေ ဖြစ်ပွားလာသလို ဒေသခံ ပြည်သူလူထုတွေလည်း အတိဒုက္ခရောက်နေကြပါတယ်။

No comments:

Post a Comment