Thursday, March 1, 2012

ဝင်းက ဘုရားဈေးတန်း ဆိုင်ခန်းအားလုံး မီးလောင်ပြာကျ

အာကာ


ဘုရားပွဲတော် ကျင်းပနေစဉ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့၊ ည ၈ နာရီခန့်က ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ အရှေ့တောင်ဘက် ၂၅ ကီလိုမီတာကျော်ရှိ ဝင်းကမွန်ရွာကြီးတွင် ခန့်မှန်းထိုင်းဘတ်ငွေ သန်း ၇၀ ကျော် (မြန်မာငွေ သန်းပေါင်း ၁၈၀၀ ကျော်) ဆုံးရှုံးသည့် မီး လောင်ကျွမ်းမှုတခု ဖြစ်ပွားခဲ့သည်။

မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီးနောက် ဝိဝေကာရာမ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံ အာဏာပိုင်များ၊ ဘုန်းတော်ကြီးကျောင်း ထိန်း သိမ်းရေး တာဝန်ရှိသူများနှင့် ဈေးဆိုင်ခန်းပိုင်ရှင်များက မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ အရေးပေါ် အစည်းအဝေး ၃ ကြိမ် ပြုလုပ်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးကို ခန့်မှန်းတွက်ချက်ခြင်း ဖြစ်သည်။

လောင်ကျွမ်းရခြင်း အကြောင်းကို မဖော်ပြနိုင်သေးပဲ၊ လျှပ်စစ်ဝါယာကြိုး ရှော့ဖြစ်ရာမှ လောင်ကျွမ်းသည်ဟု ခန့်မှန်းပြီး ဗုဒ္ဓဂါယာ စေတီ ကြီး ဘုရားစောင်းတန်းမှ ဆိုင်ခန်းပေါင်း ၃၆ ခန်းမှ မြန်မာ့ယွန်းထည်များ၊ မြန်မာ့လက်မှု ပရိဘောဂများနှင့် အနုပညာလက်ရာမြောက် ပစ္စည်းများ၊ တိုင်းရင်းသား ရိုးရာဝတ်စုံများ၊ တူရိယာပစ္စည်းများ၊ ငွေထည် ကြေးထည်များ နာရီဝက်အတွင်း ပြာကျသွားခဲ့သည်။

၃ ကီလိုမီတာကွာဝေးသည့် စံခလပူရီမှ မီးသတ်ကားများ လာရောက်ငြိမ်းသတ်သော်လည်း မီးအားပြင်းသည့်အတွက် မငြိမ်းသတ်နိုင်ပဲ၊ ဘုရားပွဲတော်အတွင်း ပွဲကြည့်ပရိဿတ်များနှင့် ကြိတ်ကြိတ်တိုး စည်ကားနေသည့်အတွက် ဆိုင်ခန်းမှ ပစ္စည်းများကိုလည်း မသယ် ထုတ် နိုင်ခဲ့ပေ။

ဝင်းကရွာ ဘုရားပွဲကို နှစ်စဉ် တပေါင်းလဆန်း ၆ ရက်နေ့မှ ၁၀ ရက်နေ့ထိ နှစ်စဉ် ကျင်းပပြီး မွန်ရိုးရာ လက်ဝှေ့ပွဲများ၊ မွန်ပြည်နယ်မှ မွန်၊ မြန်မာဇာတ်ပွဲများအပြင်၊ ထိုင်း ကျောင်းသူ ကျောင်းသားများ၏ အနုပညာ ဖျော်ဖြေပွဲများနှင့် ထိုင်းတေးဂီတများဖြင့် အလွန် စည် ကား သည့် ပွဲတော်တခု ဖြစ်သည်။

မီတာ ၄၅၀ ကျော် ရှည်သည့် ထိုင်းနိုင်ငံ၏ အရှည်ဆုံး သစ်သားတံတားနှင့် အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂါယာပုံတူ စေတီတော်ကြောင့် အိမ်ခြေ ၁,၅၀၀ ခန့် ရှိ ဝင်းကရွာကြီးသည် ထိုင်းနိုင်ငံတွင် ထင်ရှားပြီး၊ မီးလောင်သွားသည့် ဈေးဆိုင်ခန်းများမှာလည်း ထိုင်းနိုင်ငံအတွင်းမှ လာ ရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များနှင့် နိုင်ငံခြားသားများကို အဓိကထား ရောင်းချကြသည်။

လွန်ခဲ့သည့် အနှစ် ၆၀ ခန့်က ပြည်တွင်းစစ်ဒဏ်ကို တိမ်းရှောင်ရန် ထိုင်းနိုင်ငံသို့ ဝင်ရောက်လာကြသည့် ဝင်းကဆရာတော်ဘုရားကြီးနှင့် မြန်မာနိုင်ငံအောက်ပိုင်းမှ အိမ်ထောင်စု ၆ဝ ခန့်ရှိ မွန်လူမျိုးများက ဝင်းကရွာကို တည်ခဲ့ပြီး၊ ၁၉၈၁ ခုနှစ် ထွန်ဖာဖွန် ရေကာတာ စီမံကိန်း ကြောင့် ယခုဝင်းကရွာသစ်သို့ ပြောင်းရွှေ့ခဲ့သည်။

ရွာသစ်သက်တမ်းတလျှောက် ယခုမီးလောင်ကျွမ်းမှုသည် ပထမဆုံးအကြိမ် ဖြစ်ပြီး၊ မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာ ရသူ မရှိ ကြောင်း သိရသည်။

No comments:

Post a Comment