Thursday, March 1, 2012

ရလျှင်ဝါး၊ ပျက်လျှင်ထား ပြည်ခိုင်ဖြိုး ပါတီဝင်များ

(မောင်တောသား)

ကျွန်တော်တို့ မောင်တောမြို့နယ်တွင် မီးလင်းရေးကော်မီတီကို ယခင် တပ်မတော် အစိုးရ လက်ထက်တွင် အာဏာပိုင် အဖွဲ့အစည်း များ၊ ဌာနဆိုင်ရာများ၊ မြို့မိ- မြို့ဖများနှင့် ယခင်က အဖွဲ့အစည်း အဖြစ် တခုတည်းသာ ရှိသော ပြည်ခိုင်ဖြိုးအသင်း တာဝန် ရှိသူများဖြင့် ဖွဲ့စည်းပြီး မီးလင်းရေး လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ခဲ့ကြပါသည်။

၎င်းကဲ့သို့ ဆောင်ရွက်ရာတွင် အလွှာပေါင်းစုံမှ လူပေါင်းစုံများ ပါဝင်ပြီး စေတနာထား လုပ်ကိုင်ကြသဖြင့် အဆင်ပြေ ချောမွေ့ ခဲ့ပါသည်။ ရရှိလာသည့် ရန်ပုံငွေများအားလည်း မြို့နယ် အတွက် လိုအပ်သည့် နေရာ များတွင် ထည့်ဝင် သုံးစွဲနိုင်ခဲ့ပါသည်။ သို့ရာတွင် မီးလင်းရေး ကော်မီတီတွင် တာဝန်ထမ်းဆောင်ခဲ့သော ဒေသ အာဏာပိုင်များ ပြောင်းရွေ့ သွားခြင်း မီးလင်းရေးကော်မီတီတွင် ပါဝင်သော ဌာန ဆိုင် ရာ အကြီးအကဲများ မပါဝင်တော့ခြင်း စသည့် အကြောင်းများကြောင့် အခြေအနေ တခုထိ အောင်မြင်ခဲ့သော မောင်တော မီးလင်းရေး လုပ်ငန်းမှာ ယခုအခါ ဦးဆောင်မှု ကင်းမဲ့သွားသည့် အတွက် မီးလင်းရေး လုပ်ငန်းမှာ ရပ်ဆိုင်း လုနီးပါးဖြစ်ကာ အခက်အခဲ ဖြစ်ပေါ် နေရ ပါသည်။

ယခု ဒီမိုကရေစီ အစိုးရ လက်ထက်တွင် ပြည်ခိုင်ဖြိုးအသင်းမှ ပြည်ခိုင်ဖြိုး ပါတီသို့ ပြောင်းလဲ ဖွဲ့စည်း လိုက်ပြီးနောက်ပိုင်း မောင်တော မီးလင်းရေးကို မောင်တော ခရိုင် ပြည်ခိုင်ဖြိုး အတွင်းရေးမှူး ဦးထွန်းလှစိန် ခေါင်းဆောင်သော အဖွဲ့မှ မြို့မီးလင်းရေး အဖွဲ့ကို ဖွဲ့စည်းပြီး မီးစက်သစ် နှစ်လုံးနှင့် မီးလင်းရေး လုပ်ငန်းကို လုပ်ကိုင်လျှက်ရှိပါသည်။ မီတာခများအား ပထမ (၁၀) ယူနစ်လျှင် (၅၀) ကျပ်နူန်းနှင့် ကောက်ယူပြီး ၁၀ ယူနစ်ထက် ပိုလာသော ယူနစ်များ အတွက် (၁) ယူနစ်လျှင် (၅၀၀)ကျပ် ကောက်ခံပါသည်။ ၄င်းအပြင် မီတာ ထိန်း သိမ်းခဟု ဆိုပြီး(၁၀၀၀) ကျပ်၊ စက်ပြုပြင်ခ ဆို၍ (၁၀၀၀) ကျပ် - စုစုပေါင်း သုံးစွဲ မီတာခ အပြင် ငွေ (၂၀၀၀) ကျပ်ကို လစဉ် ကောက်ခံ လျှက် ရှိနေပါသည်။ မောင်တောမြို့နယ်ရှိ မီတာအိုး အရေအတွက်နှင့် တွက်ချက်ပါက တစ်လလျှင် မီတာ ထိန်းသိမ်းခ သိန်း(၂၀)ခန့် နှင့် စက်ပြုပြင်ခ အတွက် ကောက်ခံငွေ သိန်း(၂၀)ကျပ်ခန့် စုစုပေါင်း သိန်း (၄၀) ကျပ် ရရှိ မည်ဖြစ်ပါသည်။ ၄င်းငွေများအား မည်ကဲ့သို့ သုံး စွဲသည်။ မည်သည့်ဌာန သို့ ပေးသွင်း ရသည်ကို ယနေ့အ ချိန်ထိ အများ ပြည်သူများသို့ ရှင်းလင်း တင်ပြခြင်း မရှိဘဲ ဦးထွန်းလှစိန် ခေါင်းဆောင်သော ပြည်ခိုင်ဖြိုး ပါတီဝင်များ ဖွဲ့စည်းထားသည့် ပြည်ခိုင်ဖြိုး မီးလင်းရေး ပါတီဝင် များကသာ ထောက်ပံ့ကြေးများ ရယူပြီး အကျိုးခံစားလျှက်ရှိနေကြပါသည်။

မောင်တော မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ တခုတည်း မဟုတ်ဘဲ တခြားသော တိုင်းရင်းသားပါတီ နှင့် တိုင်းရင်းသား မဟုတ်သော ပါတီ များလည်းရှိသည့်အတွက် မဖြစ်သင့်သည့် ကိစ္စတရပ် ဖြစ်ပါသည်။ ပါတီဆိုသည်မှာ အာဏာရပါတီ အတိုက်အခံပါတီ အားလုံးသည် ပါတီ သာ ဖြစ်ပါသည်။ မြို့နယ်၏ စီမံခန့်ခွဲမှုကို ပါတီများ အနေဖြင့် လုပ်ပိုင်ခွင့် မရှိပါ။ သို့ရာတွင်ပြည်ခိုင်ဖြိုး အတွင်းရေးမှူး ဦးထွန်းလှစိန်မှာ မြို့နယ် စီမံ ခန့်ခွဲမှူးများအား ချုပ်ကိုင်ပြီး ပြည်ခိုင်ဖြိုး မီးလင်းရေး အဖွဲ့ အားဖွဲ့စည်းလျှက် မီးလင်းရေး လုပ်ငန်းများအား ဆောင်ရွက် နေ ပါသည်။ ထိုသို့ ဆောင်ရွက်နေစဉ် လွန်ခဲ့သော (၁၅)ရက် ခန့်မှ စပြီး မြို့မီးလင်းရေး အဖွဲ့မှ မီးပေးနေသော စက်တလုံးမှာ မီးပေး နိုင်ခြင်း မရှိဘဲ စက်ပျက်ကာ ရပ်ဆိုင်း ထားခဲ့ရပါသည် တဆက်တည်း ကျန်မီးစက်တလုံးမှာလည်း ကုန်ခဲ့သော (၇)ရက်ခန့်မှ စပြီးမီး ပေးနိုင်ခြင်း မရှိတော့ပါ။ မီးသုံးစွဲခ ကောက်ခံရာတွင် လစဉ်လတိုင်း ကောက်ခံနေသော စက်ပြုပြင်ခငွေမှာ အနည်းဆုံး ကျပ်သိန်း(၂၅၀)ခန့် ရှိမည်ဟု ခန့်မှန်း မိပါသည်။ စက်ပြုပြင်ရန် ငွေရှိပြီး ယနေ့ အချိန်ထိ မီးမရရှိခြင်းကို မည်သို့မှ နားမလည် နိုင်အောင် ဖြစ်နေကြ ရပါ သည်။

ခရိုင် ပြည်ခိုင်ဖြိုး အတွင်းရေးမှူး ခေါင်းဆောင်သော မီးလင်းရေးအဖွဲ့ဝင်များမှာ ရလျှင်ဝါးပြီး ပျက်လျှင်ထားကာ ယခင် စက်အို စက် ဟောင်း တလုံးနှင့် မြို့မီးလင်းရေး လုပ်ငန်းများကို မနိုင်ဝန် ထမ်းခိုင်းပြီး ဟန်မပျက် လုပ်ကိုင် နေခြင်း အပေါ်အလွန်တရာမှ စိတ်ပျက် မိပါသဖြင့် ပြည်ခိုင်ဖြိုး ဦးစီးသော မီးလင်းရေးကော်မီတီအား ဖျက်သိမ်း ပြီး ဒီမိုကရေစီ နည်းလမ်းနှင့် အညီ ပါတီစုံ အလွှာစုံပါဝင်သော မီးလင်းရေး ကော်မီတီ တရပ်ကို အမြန်ဆုံး ဖွဲ့ စည်းပြီး မီးလင်းရေး လုပ်ငန်းများအား လုပ်ကိုင် သင့်ပါကြောင်း အများပြည်သူများနှင့် တာဝန်ရှိလူကြီးများ သိရှိနှိင်ရန် တင်ပြအပ်ပါသည်။

No comments:

Post a Comment