Friday, March 22, 2013

လောဂျာကျေးရွာအနီး သတ္တုသန့်စင်စက်ရုံ ဒေသခံ သဘောတူညီမှု ရရှိသော်လည်း စောင်ကြည့်ရအုံးမည် ဟုဆို

ဖဲဘူး

ကယား (ကရင်နီ) ပြည်နယ် ဖရူဆိုမြို့နယ်တွင် ဂျပန်ကုမ္ပဏီ BUSINESS SUPPORT MYANMAR CO, LTD. မှ လောဂျာကျေးရွာအနီးတွင် သတ္တု သန့်စင်စက်ရုံ လာရောက် တည်ဆောက်ရန်အတွက် သဘောတူညီမှုရရှိသော်လည်း အခြေအနေ စောင့်ကြည့်ရအုံးမယ်လို့ ဖရူဆိုမြို့မှ ဒေသခံဆရာစဲရယ်က ပြောပါတယ်။

"သဘောတူတယ်လို့ပြောရမှာပေါ့ ဒါပေမဲ့ လုံးဝယုံကြည်စိတ်ချလောက်တဲ့ အခြေအနေမျိုးတော့ မဟုတ်ဘူးပေါ့လေ။ လုပ်ကြည့်ကြည့်မယ်။ တကယ်လို့ တခုခုဖြစ်ပေါ်လာတယ်ဆိုရင်တော့ ကျနော်တို့ပြန်ပြီးတော့ ဆုတ်ခိုင်းမယ်ဆိုတဲ့ပုံစံမျိုး ယုံကြည်စိတ်ချစွာပဲ သဘောတူတာမျိုးတော့ မဟုတ်ပါဘူး။ စောင့်ကြည့်ရပါအုံးမယ်။"လို့ ဆရာစဲရယ်က ပြောပါတယ်။

ဖရူဆိုမြို့နယ် ရပ်မိရပ်ဖများကို ပြီးတဲ့ မတ်လ ၁၈ ရက်နေ့ က သတ္တုသန့်စင်စက်ရုံအတွက် ဂျပန်ကုမ္ပဏီ (BUSINESS SOPPORT MYANMAR CO, LTD.) က လာရောက်တွေ့ဆုံ ညှိနိုင်းမှုပြု လုပ်ခဲ့ပြီး ပြောသွားတာဖြစ်ပါတယ်။

ဖရူဆိုမြို့နယ် ဒေသခံတဦးကလည်း မိမိတို့ ဒေသအတွက် အကျိုးရှိမယ်ဆိုရင် ထောက်ခံကြောင်း ပြောပါတယ်။

"အခု လမ်းပန်းဆက်သွယ်ရေး လုပ်ပေးမယ်။ ဆေးပေးခန်းတွေ လုပ်ပေးမယ်ဆိုရင် ကျနော်တို့ ၀မ်းသာစရာပဲ။ မီးပေးရေး၊ ရေရရှိရေး၊ လမ်းပန်းအဆင်ပြေ ချောမွေ့ရေးဟာဆိုရင် ဦးစားပေးမယ်ဆိုရင် ကျနော်တို့ ပြည်သူကတော့ထောက်ခံ ဖို့အဆင်သင့်ပဲ" လို့ ပြောပါတယ်။

ယခုတည်ဆောက်မည့် သတ္တု သန့်စင်စက်ရုံအတွက် ဂျပန်ကုမ္ပဏီ (BUSINESS SOPPORT MYANMAR CO, LTD.) မှ ဒေသခံများ၏ အကျိုးစီးပွားအတွက် အာမခံချက် စာတမ်းတွင် လက်မှတ်ရေးထိုးပေးထားပြီး စက်ရုံမှ ဘေးထွက်ဆိုးကျိုးများ ထွက်ရှိလာမှုရှိမရှိကို စောင့်ကြည့်နိုင်ရန်အတွက် ၅ ဦးကော်မတီ ဖွဲ့စည်းထားပေးရန်ရှိကြောင်း ပြောပါတယ်။

"အန္တာရယ်ဖြစ်မယ်၊ မကြိုက်ဘူး၊ လူထု မကျေနပ်ဘူးဆိုရင်လည်း အဲဒီကော်မတီတွေဝင်စစ်။ စစ်တဲ့ချိန်မှာ အဲဒီစက်ကိုရပ်ထားမယ် လုံးဝ မလည်ပတ်ဘူး။ မလည်ပတ်ပဲနဲ့ ကြိုက်တဲ့ဥစ္စာကို စစ်ပါ အားနည်းချက် တွေကိုထောက်ပြပါ။ ကျနော်တို့က ဒေသတွေ အတွက် SAFTY ကို သေချာရှင်းပြီးတော့ အခိုင်အမာ တည်ဆောက်မယ်ဆိုမှ ကျနော်ပြန်လည်မယ်" လို့ ဒုတိယ ဘူမိဗေဒ အရာရှိ ဗိုလ်မှူးကြီးအေးကျော် (အငြိမ်းစား) မှ ပြောသွားတာပါ။

စက်ရုံတည်ဆောက်ရန်အတွက် မြေနေရာများကို ဖရူဆိုနှင့်လောဂျာရွာ အကြား ၁၇၂ မိုင်တိုင် အရှေ့နှင့်အနောက် အပြင် ဖရူဆိုနှင့်မောတီတိုအကြားရှိ မြောက်ဖက် မြေလွတ်မြေရိုင်း စသည့်နေရာများကို သတ်မှတ်ထားကြောင်း သိရပါတယ်။ မြေနေရာများကိုတော့ ကုမ္ပဏီက ဒေသခံများနှင့် ညှိနိုင်းဈေးအရ ၀ယ်ယူသွားမည်ဖြစ်ကြောင်း သိရပါတယ်။

ဖရူဆိုမြို့နယ် အတွင်း ယခု ဂျပန် ကုမ္ပဏီ (BUSINESS SOPPORT MYANMAR CO, LTD.) ကဲ့သို့ပင် ကယောနီအဖွဲ့အစည်းနှင့် တရုတ် ကုမ္ပဏီမှ မူဆိုဒေသဖက်တွင် သတ္တုသန့်စင်စက်ရုံ လာရောက် ဆောက်လုပ်ရန် အစီအစဉ်ရှိခဲ့သော်လည်း ရေအရင်းအမြစ် ပျက်စီးမှာစိုးရိမ်နေကြလို့ ဒေသခံတွေက ကန့်ကွက်ထားခဲ့ကြပါတယ်။

No comments:

Post a Comment