Friday, March 22, 2013

မလိုလားအပ်သည့် ပဋိပက္ခများ မဖြစ်ပွားရေး ၀ိုင်းဝန်းလုပ်ဆောင် ကြရန် ကိုမင်းကိုနိုင်တိုက်တွန်း

စောထွန်းလင်း (ကေအိုင်စီ)

မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် ယမန်နေ့က ဖြစ်ပွား ခဲ့သည့် ပဋိပက္ခနှင့်ပတ်သက်၍ မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပွား အောင် ၀ိုင်းဝန်းလုပ်ဆောင်ကြရန် ၈၈မျိုးဆက်ကျောင်းသားခေါင်ဆောင် ကိုမင်းကိုနိုင်က ပြောကြားလိုက်သည်။

မတ် ၂၀ရက်နေ့တွင် မိတ္ထီလာမြို့၌ ဗလီတစ်ခု အပါအ၀င် နေအိမ်အချို့ အကြမ်းဖက်ဖျက်ဆီးခံရပြီး ပဋိပက္ခများ ဖြစ်ပွားနေမှုအ ပေါ် ထိုနေ့ည ၁၀နာရီကျော်တွင် ၈၈မျိုးဆက်ကျောင်းသားများက ၎င်းတို့၏ ရုံးခန်း၌ ပြည်တွင်းပြည်ပမီဒီယာများသို့ ဖိတ်ခေါ်၍ ကိုမင်းကိုနိုင်က ယခုကဲ့သို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းက “သက်တမ်းနုနယ်လှတဲ့ အသွင်ကူးပြောင်းရေးကာလကို အဲ့ဒီလိုရည်ရွယ်ချက်ရှိရှိနဲ့ ဖန်တီးနေတဲ့ ပဋိပက္ခတွေရဲ့ ချောက် ကမ်းပါးထဲကို အရောက်ခံလို့ မရပါဘူး။ ချောက်ထဲကျရင် လက်တစ်လုံးအလိုမှာ ကယ်တင်ချင်နေတဲ့သူတွေက အသင့်စောင့်နေ ပါတယ်။ ထပ်ပြီးတော့လည်း အကယ်ခံလို့ မရတော့ပါဘူး။ ဒါကြောင့် ညီညီညွတ်ညွတ်နဲ့ မလိုလားအပ်တဲ့ ပဋိပက္ခတွေကို တား ဆီးပြီးတော့ လမ်းကြောင်းမှန်ရောက်အောင် အမြန်ဆုံး ၀ိုင်းပြီးတော့ ကာကွယ်တားဆီးကြဖို့ ကျနော် မေတ္တာရပ်ခံပါတယ်”ဟု ပြောသည်။

ဖြစ်စဉ်မှာ မတ်လ ၂၀ရက်နေ့ နံနက် ၉နာရီခွဲအချိန်တွင် မိတ္ထီလာမြို့မဈေး အရှေ့ရပ်ရှိ “နယူးဝိန့်စိန်”ရွှေဆိုင်သို့ ယင်းမြို့နယ်၊ ပြွန်ကောက်ရွာနေ လေထိုးကျွတ်ဖာလုပ်ငန်းရှင် ဦးခင်မောင်ဝင်း ၄၅နှစ်နှင့် ဇနီး ဒေါ်အေးနိုင် ရွှေဆံညှပ်တစ်ခု သွားရောင်းရာမှ အချင်းများကာ ခိုက်ရန်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်ကြောင့် ဆိုင်ခန်း ၆ခန်း၊ တိုက်ခန်း ၃လုံး ဖျက်ဆီးခံရပြီး သံဃာတော် အပါအ၀င် လူ ၅ဦး ဒဏ်ရာရရှိသွားကာ သံဃာတစ်ပါးနှင့် အရပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တရားဝင် သတင်းထုတ်ပြန်ထားသည်။

ယနေ့မနက် ၆နာရီခွဲအချိန်ခန့်တွင် မိတ္တီလာမြို့၊ ရန်မျိုးအောင်ရပ်ကွက်ရှိ အစ္စလာမ်ဘာသာရေး စာသင်ကျောင်းတစ်ကျောင်း မီးလောင်ကျွမ်းနေပြီး မီးသတ်ကားများကို လုံခြုံရေး အစောင့်အရှောက်များ လိုက်ပါခြင်းမရှိသဖြင့် မီးငြိမ်းသတ်ရန်အတွက် အခက်အခဲ ဖြစ်နေရကြောင်း မိတ္ထီလာမြို့နယ် မီးသတ်ဦးစီးဌာနမှူးရုံးက ပြောပြသည်ဟု လွတ်လပ်တဲ့အာရှအသံ-RFA က သတင်းဖော်ပြသည်။

ကိုမင်းကိုနိုင် ဦးဆောင်သည့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များအဖွဲ့သည် ပဋိပက္ခများအား တားဆီးရန် မိတ္ထီလာမြို့သို့ ယမန်နေ့ညက ထွက်ခွာသွားခဲ့ပြီး လက်ရှိအချိန်တွင် အခြေအနေကို ထိန်းနိုင်ပြီဖြစ်သည့်အတွက် ရန်ကုန်သို့ ပြန်လာတော့မည် ဖြစ်ကြောင်း
သိရသည်။

No comments:

Post a Comment