Tuesday, March 19, 2013

သမ္မတကို သြစတြေးလျရောက် တိုင်းရင်းသားများ ဆန္ဒပြ

ABC

မန်မာနိုင်ငံတော် ​သမ္မတဦးသိန်းစိန် ​သြစတြေးလျနိုင်ငံမြို့တော် ​ကင်ဘာရာမှာ ​ရောက်ရှိနေစဉ်မှာပဲ ​မဲလ်ဘဲန်းမြို့၊ ​ကင်ဘာရာမြို့နဲ့ ​ဆီဒနီမြို့မှာ ​နေထိုင်ကြတဲ့ ​မွန်၊ ​ကချင်၊ ​ကရင်နဲ့ ​ချင်းတိုင်းရင်းသားတွေ ​အပါအဝင် ​ရိုဟင်ဂျာတွေလည်း ​ကင်ဘာရာမြို့ကိုလာရောက် ​ဆန္ဒပြခဲ့ကြပါတယ်။

ကင်ဘာရာမြို့မှာရှိတဲ့ ​သြစတြေးလျ ​ဘုရင်ခံချုပ်ရဲ့အိမ်ရှေ့နဲ့ ​သြစတြေးလျနိုင်ငံပါလီမာန် ​အဆောက် ​အဦးရှေ့မှာ ​ဆန့်ကျင် ​ဆန္ဒပြမှု ​တွေပြုလုပ်ခဲ့တာ ​ဖြစ်ပါတယ်။ ​သမ္မတဦးသိန်းစိန်နဲ့ ​အဖွဲ့တို့ကို ​သြစတြေးလျ ​ဘုရင်ခံချုပ်က ​နေ့လည်စာ ​တည်ခင်းဧည့်ခံပြီး ​ပါလီမာန်ရှေ့မှာရှိတဲ့ ​ဝန်ကြီးချုပ်ရုံးမှာ ​တွေ့ဆုံမှုတွေ ​လုပ်ခဲ့တဲ့အတွက် ​အဲဒီနေရာတွေမှာ ​ဆန္ဒပြခဲ့ကြတာ ​ဖြစ်ပါတယ်။

ဆန္ဒပြသူတွေက ​၂၀၀၈ခုနှစ် ​ဖွဲ့စည်းပုံ ​အခြေခံဥပဒေကို ​အလိုမရှိတဲ့ ​အကြောင်း၊ ​နိုင်ငံရေးအကျဉ်းသား ​တွေကို ​လွတ်ပေးဖို့ ​အကြောင်း၊ ​တိုင်းရင်းသား ​ဒေသတွေမှာ ​ဖြစ်နေတဲ့ ​ထိုးစစ်ဆင်မှုတွေကို ​ရပ်တန့်ပေးရေး၊ ​လူမျိုးတုံး ​သတ်ဖြတ်မှုတွေ ​ရပ်တန့်ရေး၊ ​လူမျိုးဘာသာ ​ခွဲခြားမှုတွေ ​ရပ်တန့်ရေးတွေကို ​အဓိကထား ​တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

မဲလ်ဘဲန်းမြို့က ​ဦးပဉ္ဇင်း ​ဦးတေဇောဘာသကလည်း ​လူ့အခွင့်အရေး ​ချိုးဖောက်မှုတွေ ​သံဃာတွေခံစား ​ခဲ့ရတာတွေနဲ့ ​ပတ်သက်ပြီး ​သမ္မတကိုတွေ့ဆုံ ​တင်ပြလိုတာကြောင့် ​ကင်ဘာရာမြို့ကို ​လာပြီး ​ဆန္ဒပြ ​တာဖြစ်တဲ့ကြောင်း၊ ​ကချင်တိုင်းရင်းသားတွေရဲ့ ​အကြီးအကဲဖြစ်သူ ​ဒေါ်ပေါက်နန် ​ကလည်း ​ကချင်ပြည်နယ်မှာ ​ဖြစ်နေတဲ့ ​လူ့အခွင့်အရေး ​ချိုးဖောက်မှုတွေကို ​ရပ်တန့်ဖို့ ​စစ်အင်အား ​တိုးချက်မှုတွေ ​ရပ်တန့်ဖို့နဲ့ ​စစ်ဘေး ​ဒုက္ခသည်တွေကို ​အကူအညီပေးဖို့ ​တောင်းဆိုလိုတဲ့အကြောင်း ​ပြောသွားခဲ့ပါတယ်။

သြစတြေးလျနိုင်ငံကရင်အဖွဲ့အစည်းရဲ့ ​တွဲဖက်ဥက္ကဌ ​ဦးမန်းအောင်လန်းဒိုကလည်း ​မြန်မာနိုင်ငံသမ္မတအနေနဲ့ ​သြစတြေးလျနိုင်ငံကို ​လာရောက်တဲ့အခါ ​ကြိုဆိုလိုပေမယ့်လည်း ​မြန်မာနိုင်ငံမှာ ​ဆင်းရဲမွဲတေမှုတွေ၊ ​ထိုးစစ်ဆင်မှုတွေ၊ ​သံဃာတော်တွေအပေါ် ​နှိမ်နှင်းမှုတွေ၊ ​အပစ်အခတ်ရပ်စဲရေးကို ​အကြောင်းပြပြီးတော့ ​တိုင်းရင်းသားဒေသတွေမှာ ​တပ်အင်အားတိုးချက်မှုတွေ ​ဆက်လုပ်နေတာကြောင့် ​ကြိုဆိုမှုတွေမလုပ်ပဲ ​ဆန့်ကျင်ရတာဖြစ်တယ်လို့ဆိုပါတယ်။

အဲဒါအပြင် ​ဆန္ဒပြပွဲမှာပါဝင်တဲ့ ​ရိုဟင်ဂျာအဖွဲ့ရဲ့ဥက္ကဌ ​မိုဟာမက် ​အယ်မဝါ ​ခေါ် ​ကိုဇော်နိုင် ​ကလည်း ​မြန်မာအစိုးရအနေနဲ့ ​ရိုဟင်ဂျာတွေရဲ့ ​နိုင်ငံသားအခွင့်အရေး ​ပြန်လည်ပေးဖို့နဲ့ ​လူမျိုးဘာသာခွဲခြားမှု ​တွေရပ်တန့်ဖို့ ​အဓိကတောင်းဆိုသွားခဲ့ပါတယ်။

ဒီကနေ့မှာတော့ ​သမ္မတဦးစိန်နဲ့အဖွဲ့ဟာ ​ဆီဒနီမြို့ကိုရောက်ရှိနေပြီးတော့ ​သြစတြေးလျနိုင်ငံ ​စီးပွားရှင်တွေနဲ့ ​တွေ့ဆုံမှာဖြစ်ပါတယ်။ ​ညနေပိုင်းမှာတော့ ​သြစတြေးလျနိုင်ငံတိုင်းရင်းသား ​အတိုက်အခံခေါင်းဆောင်တွေနဲ့ ​တွေ့ဆုံမယ်လို့လည်း ​သတင်းတွေရရှိထားပါတယ်။

No comments:

Post a Comment