ABC
မြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန် သြစတြေးလျနိုင်ငံမြို့တော် ကင်ဘာရာမှာ ရောက်ရှိနေစဉ်မှာပဲ မဲလ်ဘဲန်းမြို့၊ ကင်ဘာရာမြို့နဲ့ ဆီဒနီမြို့မှာ နေထိုင်ကြတဲ့ မွန်၊ ကချင်၊ ကရင်နဲ့ ချင်းတိုင်းရင်းသားတွေ အပါအဝင် ရိုဟင်ဂျာတွေလည်း ကင်ဘာရာမြို့ကိုလာရောက် ဆန္ဒပြခဲ့ကြပါတယ်။
ကင်ဘာရာမြို့မှာရှိတဲ့ သြစတြေးလျ ဘုရင်ခံချုပ်ရဲ့အိမ်ရှေ့နဲ့ သြစတြေးလျနိုင်ငံပါလီမာန် အဆောက် အဦးရှေ့မှာ ဆန့်ကျင် ဆန္ဒပြမှု တွေပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ အဖွဲ့တို့ကို သြစတြေးလျ ဘုရင်ခံချုပ်က နေ့လည်စာ တည်ခင်းဧည့်ခံပြီး ပါလီမာန်ရှေ့မှာရှိတဲ့ ဝန်ကြီးချုပ်ရုံးမှာ တွေ့ဆုံမှုတွေ လုပ်ခဲ့တဲ့အတွက် အဲဒီနေရာတွေမှာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
ဆန္ဒပြသူတွေက ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အလိုမရှိတဲ့ အကြောင်း၊ နိုင်ငံရေးအကျဉ်းသား တွေကို လွတ်ပေးဖို့ အကြောင်း၊ တိုင်းရင်းသား ဒေသတွေမှာ ဖြစ်နေတဲ့ ထိုးစစ်ဆင်မှုတွေကို ရပ်တန့်ပေးရေး၊ လူမျိုးတုံး သတ်ဖြတ်မှုတွေ ရပ်တန့်ရေး၊ လူမျိုးဘာသာ ခွဲခြားမှုတွေ ရပ်တန့်ရေးတွေကို အဓိကထား တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
မဲလ်ဘဲန်းမြို့က ဦးပဉ္ဇင်း ဦးတေဇောဘာသကလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ သံဃာတွေခံစား ခဲ့ရတာတွေနဲ့ ပတ်သက်ပြီး သမ္မတကိုတွေ့ဆုံ တင်ပြလိုတာကြောင့် ကင်ဘာရာမြို့ကို လာပြီး ဆန္ဒပြ တာဖြစ်တဲ့ကြောင်း၊ ကချင်တိုင်းရင်းသားတွေရဲ့ အကြီးအကဲဖြစ်သူ ဒေါ်ပေါက်နန် ကလည်း ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တန့်ဖို့ စစ်အင်အား တိုးချက်မှုတွေ ရပ်တန့်ဖို့နဲ့ စစ်ဘေး ဒုက္ခသည်တွေကို အကူအညီပေးဖို့ တောင်းဆိုလိုတဲ့အကြောင်း ပြောသွားခဲ့ပါတယ်။
သြစတြေးလျနိုင်ငံကရင်အဖွဲ့အစည်းရဲ့ တွဲဖက်ဥက္ကဌ ဦးမန်းအောင်လန်းဒိုကလည်း မြန်မာနိုင်ငံသမ္မတအနေနဲ့ သြစတြေးလျနိုင်ငံကို လာရောက်တဲ့အခါ ကြိုဆိုလိုပေမယ့်လည်း မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှုတွေ၊ ထိုးစစ်ဆင်မှုတွေ၊ သံဃာတော်တွေအပေါ် နှိမ်နှင်းမှုတွေ၊ အပစ်အခတ်ရပ်စဲရေးကို အကြောင်းပြပြီးတော့ တိုင်းရင်းသားဒေသတွေမှာ တပ်အင်အားတိုးချက်မှုတွေ ဆက်လုပ်နေတာကြောင့် ကြိုဆိုမှုတွေမလုပ်ပဲ ဆန့်ကျင်ရတာဖြစ်တယ်လို့ဆိုပါတယ်။
အဲဒါအပြင် ဆန္ဒပြပွဲမှာပါဝင်တဲ့ ရိုဟင်ဂျာအဖွဲ့ရဲ့ဥက္ကဌ မိုဟာမက် အယ်မဝါ ခေါ် ကိုဇော်နိုင် ကလည်း မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားအခွင့်အရေး ပြန်လည်ပေးဖို့နဲ့ လူမျိုးဘာသာခွဲခြားမှု တွေရပ်တန့်ဖို့ အဓိကတောင်းဆိုသွားခဲ့ပါတယ်။
ဒီကနေ့မှာတော့ သမ္မတဦးစိန်နဲ့အဖွဲ့ဟာ ဆီဒနီမြို့ကိုရောက်ရှိနေပြီးတော့ သြစတြေးလျနိုင်ငံ စီးပွားရှင်တွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ ညနေပိုင်းမှာတော့ သြစတြေးလျနိုင်ငံတိုင်းရင်းသား အတိုက်အခံခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်လို့လည်း သတင်းတွေရရှိထားပါတယ်။
No comments:
Post a Comment