ယုဝေ | သောကြာနေ့၊ သြဂုတ်လ ၂၃ ရက် ၂၀၁၃
မြန်မာနိုင်ငံတွင် ဆေးယဉ်ပါးတီဘီရောဂါဖြစ်ပွားသူ နှစ်စဉ် ကိုးထောင်နီးပါးရှိနေသည်ဟု သြဂုတ်၂၂ရက် က ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်တွင် ကျင်းပသော နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) ၏ တီဘီရောဂါ ဆွေးနွေးပွဲ ညီလာခံဆိုင်ရာ စာတမ်းအရ သိရသည်။
တီဘီရောဂါဖြစ်ပွားသူများ ဆေးသောက်မှုမမှန်ခြင်းကြောင့် ဖြစ်ပွားရသည့် ဆေးယဉ်ပါး တီဘီရောဂါဖြစ်ပွားသူမှာနှစ်စဉ် ၈၉၀၀ခန့်ရှိပြီး မြန်မာနိုင်ငံသည် တီဘီရောဂါဆိုင်ရာ စိုးရိမ်ဖွယ်အခြေအနေများ ဖြစ်ပွားနေသည့် ၂၂ နိုင်ငံတွင် တစ်ခုအပါအ၀င် ဖြစ်သည်။
ဆေးယဉ်ပါး တီဘီရောဂါဖြစ်ပွားသူများအနက်မှ ၂၀၁၂ ကုန်အထိ လူနာ ၈၀၀ ကျော်သာ ဆေးကုသမှု ခံယူနေသည် ဟုလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဆေးယဉ်ပါး တီဘီရောဂါဖြစ်ခဲ့ဖူးသူ ကိုမင်းနိုင်ဦးကလည်း “ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေက အရမ်းဆိုးသလို ကုသမှုခံယူရတာလည်း ခက်ခဲပါတယ်။ ဆေးထိုးတဲ့နေရာတွေက တော်တော်နာကျင်သလို နားထိုင်းလာတာ ကိုလည်း ခံစားရပါတယ်။ အလွယ်တကူ စိတ်တိုတတ်လာပြီး အမြဲပဲ အားနည်းနေပြီး မောပန်းနေတတ်ပါတယ်။ ၀မ်းလည်း ခဏခဏသွားပြီး စိတ်တွေလဲ ထင်ယောင်ထင်မှား ဖြစ်တတ်လာပါ တယ်”ဟု ပြောသည်။
ဆေးယဉ်ပါး တီဘီရောဂါခံစားနေရသူတစ်ဦးသည် တစ်နေ့လျှင် ဆေးပြား ၂၀ ခန့် သောက်သုံးရမည်ဖြစ်ပြီး ရှစ်လခန့် မပျက်မကွက် ဆေးထိုးရမည်ဖြစ်သည်။ ကမ္ဘာ့ တီဘီရောဂါဆန်းစစ်မှုများအရ ဆေးယဉ်ပါး တီဘီရောဂါ လူနာများ၏ ထက်ဝက်ခန့်ကိုသာ ပျောက်ကင်းအောင် ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ဒေါက်တာ ကာရှုနာကာရာက “တစ်ကမ္ဘာလုံးဆိုင်ရာ ဆေးယဉ်ပါးတီဘီရောဂါပြဿနာကြောင့် လူတွေခံစားနေရမှာနဲ့ ငွေကြေးဆုံးရှုံးမှုတွေကို ဘယ်တိုင်းပြည်ကမှ လျစ်လျှုရှုမထားသင့် ပါဘူး။ ဆေးယဉ်ပါး တီဘီရောဂါဟာ ယနေ့ကမ္ဘာမှာ သိပ်ကို အရေးကြီးတဲ့ ကျန်းမာရေး ပြဿနာတစ်ရပ်ဖြစ်လာပါပြီ”ဟု ပြောသည်။
အဆိုပါဆွေးနွေးပွဲကို နယ်စည်းမထား ဆရာဝန်များအဖွဲ့(MSF)၊ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) တို့ ပူးပေါင်းဆွေးနွေးကာ နိုင်ငံအတွင်း ဆေးယဉ်ပါးတီဘီရောဂါ အရှိန်မြှင့်စောင့်ရှောက်မှုလုပ်ငန်းများ လုပ်ဆောင်ရန် နည်းသစ်များ ရှာဖွေလေ့လာမှုများ ပြုလုပ်ကြမည် ဖြစ်သည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှ ဆေးပညာပါရဂူများနှင့် အခြား တီဘီရောဂါဒဏ်ခံနေရသော နိုင်ငံများမှ ပညာရှင်များ၊ တီဘီရောဂါအတွက် ဦးဆောင် ဆောင်ရွက်နေကြသော နိုင်ငံတကာမှ ပုဂိ္ဂုလ်များမှ ဆေးယဉ်ပါး တီဘီရောဂါအား တိုက်ဖျက်နိုင်ရန် ဗဟုသုတနှင့် အတွေ့အကြုံများ ဝေမျှသွားမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် တီဘီိရောဂါကူးစက်မှု တွေ့ရှိရသည့် နှုန်းထားများမှာ ဒေသတွင်း ပျမ်းမျှနှုန်းထက် နှစ်ဆဖြစ်ပြီး ကမ္ဘာ့ ပျမ်းမျှနှုန်းထက် သုံးဆဖြစ်ကာ ခန့်မှန်းခြေ တီဘီရောဂါဝေဒနာရှင် သုံးသိန်းခန့် ရှိနေသည်။
ကမ္ဘာပေါ်တွင် တီဘီရောဂါသည် HIV ရောဂါပြီးလျှင် ဒုတိယမြောက် သေဆုံးမှုနှုန်း အများဆုံး ကူးစက် ရောဂါ တစ်ခု ဖြစ်သည်။
နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သည့် Global Fund to fight AIDS ,TB and Malaria (GFATM) နှင့် Three Millennium Development Goal Fund ( 3MDG Fund) တို့က မြန်မာနိုင်ငံ၏ တီဘီရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ နီးပါး ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ဇူလိုင်လ အတွင်းက ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားထားသည်။
No comments:
Post a Comment