Friday, August 23, 2013

နိုင်ကျဉ်းလွတ်မြောက်ရေး မန္တလေးသို့ လမ်းလျှောက်သည့် ဆရာတော် နေပြည်တော်တွင် ၀င်ခွင့်မရ၍ ပြန်လာရ

နန်းမြင့် | သောကြာနေ့၊ သြဂုတ်လ ၂၃ ရက် ၂၀၁၃

မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင် အသီးသီးရှိ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ရန်ကုန်မှ မန္တလေးသို့ လမ်းလျှောက်သည့် ဆရာတော်ဦးရက္ခ၀ံသသည် နေပြည်တော်အ၀င်၌ ၀င်ခွင့်မရ၍ သြဂုတ် ၂၂ ရက်တွင် ရန်ကုန်သို့ ပြန်လာရကြောင်း ဆရာတော်က မဇ္ဈိမကို မိန့်သည်။

ဆရာတော်သည် သြဂုတ်၂၂ ရက် နံနက်ပိုင်းတွင် နေပြည်တော်သို့ရောက်ရာ ၀င်ခွင့်မရ၍ ပြန်လာရခြင်းဖြစ်ကာ မြို့နယ်သံဃာ့နာယက ထောက်ခံချက်ရမှ ၀င်ခွင့်ရမည်ဖြစ်သောကြောင့် ရန်ကုန်သို့ပြန်လာကာ ထောက်ခံချက် လာယူခြင်းဖြစ်သည်ဟု ဆရာတော်က မိန့်သည်။ ရန်ကုန်သို့ပြန်လာရာတွင် ကားဖြင့်ပြန် လာခြင်းဖြစ်ကာထောက်ခံချက်ရပါက ပြန်သွားမည်ဖြစ်ပြီး လျှောက်ခဲ့ပြီးသည့် ဒေသများကို ကားဖြင့်ပြန် လည်ကြွချီမည်ဖြစ်ကာနေပြည်တော်မှ ဆက်လက် လမ်းလျှောက်ကြွချီမည် ဖြစ်သည်။

ဆရာတော်ဦးရက္ခ၀ံသက “ဦးဇင်းရဲ့ ကျန်းမားရေးက ဆိုးဆိုးဝါးဝါးတော့ မရှိဘူး။ သွေးပေါင် ကျနေတာ လောက် ပါပဲ။ သူတို့တားတာက နေပြည်တော်ဖြစ်နေတဲ့အတွက် သာသနာထောက်ခံချက်ပါမှ ၀င်ခွင့်ပြု မယ်လို့ ပြောတယ်။ထောက်ခံစာ ပြန်လုပ်ဖို့ ရန်ကုန်ကို အခု ကားနဲ့ ပြန်ဆင်းလာတယ်”ဟု မိန့်ကြားသည်။

နိုင်ငံရေးအကျဉ်သားများ လွတ်မြောက်ရေးအတွက် ဆရာတော်ဦးရက္ခ၀ံသနှင့်အတူ ဒီမိုကရေစီအင်အားစု ခုနစ်ဦး တို့ ရန်ကုန်မှ မန္တလေးသို့ (လမ်းဟောင်း) အတိုင်း သြဂုတ်လ ၁၁ ရက် နံနက်ပိုင်းမှစတင်၍ ရွှေတိဂုံဘုရားတောင်ဘက်မုခ်မှ စတင် လမ်းလျှောက်ခဲ့ခြင်းဖြစ်ကာ သြဂုတ်၂၂ ရက်တွင် ပြန်လာရခြင်းဖြစ်သည်။ ရန်ကုန်တွင် ကျောင်းထိုင်သည့် မြောက်ဒဂုံမြို့နယ်မှ ထောက်ခံချက် ပြန်ယူကာ ပြန်သွားမည်ဖြစ်သည်။

ဒီမိုကရေစီအင်အားစုမှ ဦးသန်းရွှေက “ကျွန်တော်နဲ့အတူ ဆရာတော်ပါ ရန်ကုန်ပြန်ဆင်းလာတယ်။ ကျန်တဲ့ သူတွေကို ပဲခူး၊ ရေနီမြို့မှာထားခဲ့တယ်။ အခု ပြန်လာပြီး ရန်ကုန်မှာ စာနယ်ဇင်းရှင်းလင်းပွဲ လုပ်မယ်။ အခုပြန်လာတဲ့တောက်လျှောက် သက်ဆိုင်ရာက စောင့်ကြည့်နေတယ်” ဟုလည်း ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးစနစ် ပြောင်းလဲအပြီး အစိုးရက အကျဉ်းသားကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်မှာ ၁၀ ကြိမ်တိုင် ရှိပြီဖြစ်သော်လည်း အကျဉ်းထောင်များထဲတွင် နိုင်ငံရေးအကျဉ်းသားများ ကျန်ရှိ နေဆဲဖြစ်သည်။

အစိုးရက နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ဥက္ကဋ္ဌအဖြစ် ဦး ဆောင်ပါဝင်ပြီး သမ္မတရုံး ဒု-၀န်ကြီး၊ ပြည်ထဲရေးနှင့် အကျဉ်းဦးစီးဌာနမှ အရာရှိများ၊ နိုင်ငံရေး သမားများ၊
နိုင်ကျဉ်းဟောင်းများပါဝင်သည့် နိုင်ကျဉ်းစိစစ်ရေးကော်မတီကို ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက ဖွဲ့စည်းပေးခဲ့သည်။

သို့သော် ခုနစ်လကြာသည်အထိ အကျဉ်းထောင်များထဲတွင် နိုင်ငံရေးအကျဉ်းသားများ ဆက်ရှိနေဆဲဖြစ်သည်။

နိုင်ကျဉ်းစိစစ်ရေးကော်မတီက ပြန်လွှတ်ပေးသင့်သည့် နိုင်ငံရေးအကျဉ်းသား ဟုတ်မဟုတ် စစ်ဆေးရန် အစိုးရဌာန များ ဘက်မှ အကူအညီပေးခြင်းမရှိဟု ကော်မတီဝင်များက ဆိုသည်။

No comments:

Post a Comment