Wednesday, August 28, 2013

လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် အောက်တိုဘာလတွင် အပြီးဆောင်ရွက်မည်

ဆန်းဖြိုးထွန်း

တောင်သူလယ်သမားများ လက်ရှိလုပ်ကိုင် စိုက်ပျိုးလျက်ရှိကြသည့် တောင်ယာ ၊ လယ်ယာမြေများ နိုင်ငံတော်၏ စီမံချက်ဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇)ကို အောက်တိုဘာလတွင် အပြီး ဆောင်ရွက်သွားရမည်ဖြစ်သည်ဟု ဘောလခဲမြို့ နယ် မြေစာရင်းဦးစီးဌာနမှူး ဦးမျိုးအောင်နိုင်က ပြောသည်။

ဦးမျိုးအောင်နိုင်က "ကျနော်တို့ ပထမဆုံးလယ်ယာ - ၁ ပေါ့ ဘေးကတောင်သူနှစ်ဦး သက်သေပေါ့ ပြီးတော့ အုပ်ချုပ်ရေးမှူးက ထောက်ခံတယ်ဆိုရင် လက်ထောက်ဦးစီးက စစ်ဆေးတယ် ပြီးတော့ လယ်ယာမြေ လုပ်ပိုင်ခွင့်လျှောက် ထားတဲ့မြေကို ကန့်ကွက်လွာခေါ်တယ်.. တလအတွင်းမှာ ကန့်ကွက်သူ မရှိဘူးဆိုရင်မြေကွက်စစ်ဆေးတယ် ဘယ်အချိန်ကစပြီးဖော်ထုတ်ခဲ့တာလဲ ဆိုတာစစ်ဆေးတယ် အဆင့်ဆင့်စစ်ဆေးပြီး မြို့နယ်မြေစာရင်း ဌာနကို ခွင့်ပြုကြောင်း အကြောင်းကြားတာနဲ့ စပြီးလုပ်ပေးတယ်" ဟု ပြောသည်။

ဘောလခဲမြို့နယ်တွင် တရာဝင် လုပ်ပိုင်ခွင့်မရှိသေးသည့် တောင်ယာမြေများ အတွက် တရားဝင် လုပ်ပိုင်ခွင့်ရရှိရန် လက်မှတ်များ စတင်ပြုလုပ်ပေးနေရာမှာ လယ်ယာမြေလုပ်ကွက်ပေါင်း (၁၃၄၃) ပြုလုပ်ပြီးစီးကြောင်း သိရသည်။

တောင်ယာလုပ်ငန်းကို ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်လာခဲ့ကြတာဖြစ်၍ အများစုမှာ လယ်ယာမြေဥပဒေနှင့်အညီ လုပ်စားပိုင်ခွင့် လက်မှတ် မပြုလုပ်ကြရသေးကြောင်း ပြောသည်။

လယ်ယာမြေ ဥပဒေအသစ်နှင့်အညီ လယ်ယာမြေလုပ်ပိုင်ခွင့်ရှိသည့် တောင်သူများသည် ရောင်းခြင်း၊ ပေါင်ခြင်း၊ လဲလှယ်ခြင်း၊ ငှားရမ်းခြင်း ကို တရားဝင်ပြုလုပ်နိုင်မှာ ဖြစ်သည့်အပြင် ဘဏ်တွင် ပေါင်နှံခွင့်ရှိပြီး ယာမြေစိုက်ပျိုးမှုအတွက် စိုက်ပျိုးစရိတ် ချေးငွေများကိုပါ ရရှိနိုင်မှာဖြစ်သည်။

ဘောလခဲမြို့မှ တောင်သူတစ်ဦးက "အခုလို လုပ်ပေးတော့လည်း ကောင်းပါတယ် ကိုယ့်မှာ ဒီမြေတွေအတွက် အာမခံချက် ရှိသွားတာပေါ့"ဟု ပြောသည်။

လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်များ ပြုလုပ်ပေးရာမှာ အခမဲ့ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး မှတ်ပုံတင်ကြေး (၅၀၀) သာ ပေးဆောင်ရမည်ဟု သိရသည်။

ယခုကဲ့သို့ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ကို မြို့နယ်တိုင်းတွင် မြေစာရင်းဦးစီးဌာနမှ ဆောင်ရွက်ပေးရာ တခြားသော မြို့နယ်များမှာလည်း မပြီးပြတ်သေးကြောင်း သိရှိရသည်။

No comments:

Post a Comment