Wednesday, August 28, 2013

လက်ပံတောင်းဒေသတွင် မြေယာလျော်ကြေး လက်မခံရန် ရွာ ၁၀ ရွာ သဘောတူ

ခိုင်ခိုင် | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၂၈ ရက် ၂၀၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအတွင်း ပါဝင်သွားသည့် ရွာ ၂၆ ရွာအနက်မှ ရွာ ၁၀ ရွာက မြေယာလျော်ကြေး လက်မခံရန် သဘောတူထားကြောင်း ယင်းဒေသခံများက သြဂုတ် ၂၇ ရက်တွင် မဇ္ဈိမကို ပြောသည်။

မြေယာ လျော်ကြေးကို လာမည့် စက်တင်ဘာ ၃၀ ရက်တွင် နောက်ဆုံး ထုတ်ယူရမည် ဖြစ်သော်လည်း ရွာ ၁၀ ရွာက လျော်ကြေးမယူကြရန် ညှိနှိုင်းထားပြီးဖြစ်ကြောင်း လျော်ကြေးမယူရခြင်းမှာလည်း သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမည့် အရေးကြောင့် ဖြစ်သည်ဟု လက်ပံတောင်းတောင် စီမံကိန်း ဧရိယာအတွင်းရှိ မိုးကြိုးပြင်ရွာမှ မမြင့်မြင့်အေးက ပြောသည်။

စီမံကိန်းဧရိယာအတွင်း ၀က်မှေးကျေးရွာဟောင်းမှ ဒေသခံများကလည်း ပထမအကြိမ် ယူခဲ့သော လျော်ကြေးမှာ ပတ်ဝန်းကျင် မထိခိုက်ကြောင်း ပြောသဖြင့် ယူခဲ့ခြင်းဖြစ်သည်ဟု မဇ္ဈိမကို ပြောသည်။

ဆည်တဲဒေသခံ မမြင့်မြင့်ဝင်းက “ကျွန်မတို့ကို မြေသိမ်းတာမဟုတ်ဘူး၊ စွန့်ပစ်မြေ လာပုံတာမဟုတ်ဘူး၊ အဆောက်အအုံလည်း လာမဆောက်ဘူးပြောပြီး စက်တွေဖြတ်သွားတဲ့အခါ ပျက်စီးသွားတဲ့အတွက် သုံးနှစ်စာ သီးနှံလျော်ကြေးဆိုပြီးပေးလို့ ဒီနားက ရွာသူရွာသားတွေက လက်ခံလိုက်မိကြတယ်” ဟု ဆိုသည်။

လျော်ကြေး လက်ခံရယူရန် အုပ်ချုပ်ရေးမှူးနှင့် ဒေသအာဏာပိုင်များက ရိပ်ဖမ်းသံဖမ်း ပြောဆိုခြင်းများ ရှိနေသော်လည်း ပျက်စီးသွားသော သဘာဝသယံဇာတများကို ပြန်လည်ဝယ်ယူ၍ မရနိုင်ကြောင်း သိသဖြင့် လျော်ကြေးမယူကြခြင်းဖြစ်ကြောင်း ဇီးတောဒေသခံများကလည်း ပြောသည်။

လက်ရှိတွင် လျော်ကြေးငွေ မယူသေးသူများ ရှိနေသေးကြောင်း ဆားလင်းကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူးရုံးမှ မဇ္ဈိမကို သြဂုတ် ၂၇ ရက်တွင် ပြောသည်။

ဆည်တဲ၊ ဇီးတော၊ မိုးကြိုးပြင် ကျေးရွာအုပ်စု၊ ဒုံးတော၊ ဇီးတော အစရှိသည့် စုစုပေါင်း ကျေးရွာ ၁၀ ရွာမှ ဒေသခံများ အားလုံးမှာ လျော်ကြေးငွေ လုံးဝမယူရန် ညှိနှိုင်းထားပြီးဖြစ်ကြောင်း တုံရွာဒေသခံ ကိုအောင်သန်းမျိုးက ပြောသည်။

၎င်းက “လက်ပံတောင်းတောင် အစီရင်ခံစာ အကောင်အထည်ဖော်ရေးအဖွဲ့က လက်ရှိ ထုတ်ပေးနေတဲ့မြေယာ လျော်ကြေးတွေကို ဒေသခံ ရွာတွေအနေနဲ့ လက်မခံနိုင်တဲ့ အကြောင်း သိစေချင်တယ်။ ဒါကလည်း လက်ပံတောင်းဒေသ ရွာသုံးရွာမှာလုပ်တဲ့ ကျေးရွာ လူထုအစည်းအဝေးတွေကနေ ဆုံးဖြတ်လိုက်တာ” ဟု ဆိုသည်။

ကြေးနီစီမံကိန်းအနီးရှိ သိမ်းထားသည့် မြေများ၊ သီးနှံပင်များနှင့် ပတ်သက်၍ လက်ရှိအချိန်အထိ လျော်ကြေး သိန်းပေါင်း သုံးသောင်းကျော် ပေးပြီးဖြစ်သည်ဟု လက်ပံတောင်းတောင် အစီရင်ခံစာ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ ၀န်ကြီးဦးလှထွန်းက ဇူလိုင်လကုန်ပိုင်းတွင် အတည်ပြုထားသည်။ သို့ သော် ညှိနှိုင်းမရသေးသဖြင့် ဒေသခံများကို လျော်ကြေးမပေးရသေးသည့် မြေပမာဏမှာ ၆၀ ရာခိုင်နှုန်း ခန့် ကျန်သေးကြောင်း လည်း ၎င်းက ဇူလိုင်လအတွင်းတွင်ပင် လွှတ်တော်၌ ပြောခဲ့သေးသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာကို ယခုနှစ် မတ်လ ၁၁ ရက်တွင် နိုင်ငံတော်သမ္မတထံ တင်သွင်းခဲ့ပြီး ယင်းနေ့တွင်ပင် အစီရင်ခံစာကို အကောင်အထည်ဖော်ဆောင်ရွက်ရမည့် ကော်မတီကို အဖွဲ့ဝင် (၁၅) ဦးဖြင့် နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းခဲ့သည်။ အဆိုပါကော်မတီသည် မတ်လ (၁၅) ရက်တွင် စတင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး နောက်တစ်ရက်တွင် လျော်ကြေးငွေများကို စတင် ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာများ၏ ကြေညာချက်အရ သိရသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသနှင့် မလွတ်သော ကျေးရွာပေါင်း ၂၆ ရွာကျော်ရှိပြီး စိုက်ပျိုး မြေဧက ၁၄၀၀ ကျော်မှ တောင်သူ ၅၃၆ ဦးအား မြေလျော်ကြေးငွေ ကျပ်သိန်းပေါင်း ၁၅, ၇၀၀ ခန့်ကို မတ်လ ၁၆ ရက်မှ ၃၁ ရက်အတွင်း ပေးအပ်ခဲ့ပြီး၊ လျော်ကြေးငွေများကို တစ်ဧကလျှင် ကျပ် ၁၀ သိန်းမှ ၁၅ သိန်းအထိ အမျိုးအစား သုံးမျိုးခွဲ၍ ပေးအပ်ခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာများ၏ ကြေညာချက်အရ သိရ သည်။

ဒေသခံ ပြည်သူများအား မြေယာလျော်ကြေးငွေ ပေးရာတွင် တစ်နိုင်ငံလုံးအနေဖြင့် ဆောင်ရွက်ပေးထားသည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ သတ်မှတ်ထားသည့် နှုန်းထားဖြင့် ပေးလျော်ခြင်းဖြစ်သည်ဟုလည်း ဦးလှထွန်းက သြဂုတ် ၉ ရက်က ပြောခဲ့သည်။

No comments:

Post a Comment