ABC
ရခိုင်ပြည်နယ်သံတွဲမြို့နယ်အတွင်းက ကျေးရွာတွေမှာ အောက်တိုဘာလ ၁ရက် မနေ့က ဒေသခံ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတွေနဲ့ အစ္စလာမ်ဘာသာဝင် မွတ်စလင်လူမျိုးတွေကြား အကြမ်းဖက်မှုတွေ၊ အပြန်အလှန်မီးရှို့မှုတွေဖြစ်ပွားခဲ့တဲ့အတွက် အနည်းဆုံး လူတစ်ဦးသေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရမှုတွေလည်းရှိခဲ့ပါတယ်။ နေအိမ်တချို့လည်း မီးတင်ရှို့ခံခဲ့ရပါတယ်။
သေဆုံးသူမှာ မွတ်စလင်အမျိုးသမီးတစ်ဦးဖြစ်ပြီး ထိခိုက်ဒဏ်ရာကြောင့် ဗုဒ္ဓဘာသာ ရခိုင်တိုင်းရင်းသားလေးဦးလည်း ဆေးရုံတင်ခဲ့ရတယ်လို့ ဒေသခံ ရဲအရာရှိတစ်ဦးကပြောပါတယ်။
ပဋိပက္ခ ထပ်မံဖြစ်ပွားခဲ့တဲ့အတွက် သံတွဲမြို့နယ်တခုလုံးမှာ ထုတ်ပြန်ထားပြီးသား ပုဒ်မ ၁၄၄ကို အချိန်တိုးပြီး ထုတ်ပြန်လိုက်တယ်လို့လည်း ရခိုင်ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြကျော်က ပြောပါတယ်။
မနေ့က မနက် ၄နာရီလောက်ကတည်းက သံတွဲမြို့နယ်အတွင်းက မြို့နဲ့အလှမ်းဝေးတဲ့ကျေးရွာတွေမှာ မီးရှို့မှုတွေဆက် လက်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးအင်အားလည်း လုံလောက်မှုမရှိသလို အကြမ်းဖက်မှုတွေကြောင့် လူသေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ ဦးအောင်မြကျော်က အခုလိုဆက်ပြောပါတယ်။
“သံတွဲမှာတော့ တော်တော်ပြဿနာက ကြီးနေပါတယ်၊ သံတွဲမြို့ပေါ်ကတော့ သိပ်ပြဿနာ မရှိဘူး၊ အဲဒီနယ် ဘက်က ကျေးရွာတွေမှာ တော်တော်များများကိုပြဿနာက များနေတာ ဟိုဘက်ဒီဘက် အဓိကမီးရှို့၊ တဲဖျက် အဲလိုမျိုးတော်တော်များများတော့ ဖြစ်နေကြတယ်၊ တယောက်ကတော့ ဒဏ်ရာနဲ့ ဆုံးတယ်လို့တော့ပြောတယ်၊ ဘယ်လောက်လောက်သေလဲတော့ အတိအကျတော့ မသိရသေးဘူး၊ အပြန်အလှန်ဖြစ်နေကြတယ်ပြောတယ်၊ ရွှေလှေဆိုတဲ့ရွာရယ်၊ သဗြုချိုင်ဆိုတဲ့ရွာရယ်၊ ဒီဘက်က မဲကျွန်းလို့ခေါ်တဲ့ အဲဒီရွာတွေမှာ ဖြစ်နေတယ်လို့ ပြော တယ် မီးရှို့မှုတွေ၊ အကုန်လုံးဟိုဘက် ဒီဘက်က အိမ်ခြေ တရာကျော်လာက်တော့ ပါသွားပြီထင်တယ်။”
ပြီးခဲ့တဲ့စနေနေ့ စက်တင်ဘာ ၂၉ရက်နေ့က ဗုဒ္စဘာသာသာသနာအလံပါတဲ့ သုံးဘီး ဆိုင်ကယ်ရပ်နားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကမန်မွတ်စလင်အမျိုးသားတဦးနဲ့ ဗုဒ္ဓဘာသာ ရခိုင်ဒေသခံတဦးတို့ကြားအငြင်းပွားမှုတွေ ဖြစ်ပွားခဲ့ရာကနေ မီးရှို့မှုတွေ ပဋိပက္ခတွေ စတင်ဖြစ်ပွားလာတာဖြစ်ပါတယ်။
ပဋိပက္ခတွေ၊ မီးရှို့မှုတွေဟာ စက်တင်ဘာ ၃၀ရက်နေ့မှာလည်း ဖြစ်ပွားခဲ့ပြီး မနေ့ကတော့ အခြေအနေ တွေဟာ ပိုပြီးစိုးရိမ်ရတဲ့အတွက် ပုဒ်မ ၁၄၄ကို အချိန်ထပ်တိုးပြီးထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြကျော်က အခုလိုပြောပါတယ်။
“သံတွဲတမြို့နယ်လုံးကို ထုတ်ထားတာပါ ၁၄၄ ပုဒ်မထုတ်ထားတာ၊ မရုတ်သိမ်းရသေးပါဘူး၊ ပထမတုန်းကလည်း အချိန်ကိုပဲလျော့တာပဲရှိတယ် သံတွဲမှာ၊ အခုကတော့ အချိန်ကို ထပ်တိုးလိုက်ပြီ ညနေ ၆နာရီကနေ မနက် ၆နာရီ ထိ။”
သံတွဲမြို့နယ်အတွင်းမှာ အကြမ်းဖက်မီးရှို့မှုတွေဖြစ်ပွားနေချိန်မှာပဲ နိုင်ငံတ်ာသမ္မတဦးသိန်းစိန်ဟာ မနေ့မနက်ပိုင်းက ရခိုင်ပြည်နယ်ကို ရောက်ရှိနေပြီး ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦးမြို့တို့ကို သွားရောက်ခဲ့ကြောင်း၊ ညနေပိုင်းမှာတော့ စစ်တွေမြို့ကို ပြန်လည်ရောက်ရှိလာပြီး ဒေသခံရခိုင်လူမျိုးတွေနဲ့ မွတ်စလင်လူမျိုးတွေကို တွေ့ဆုံခဲ့တဲ့အကြောင်း၊ ဒီကနေ့မှာတော့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်တွေ၊ လူမှု အဖွဲ့အစည်းတွေနဲ့တွေ့ဆုံဖို့ရှိတယ် ဦးအောင်မြကျော်ကပြောပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်းမှာ ပဋိပက္ခဖြစ်နေတဲ့ သံတွဲမြို့ကို သွားရောက်ဖို့ ရှိပေမယ့် ပဋိပက္ခတွေ ထပ်မံဖြစ်ပွားခဲ့တဲ့အတွက် ခရီးစဉ်ကို ဖျက်လိုက်တယ်ဆိုတဲ့အကြောင်း ရေဒီယိုသြစတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ခဲ့တာဖြစ်ပါတယ်။
No comments:
Post a Comment