Wednesday, October 2, 2013

သံတွဲမြို့နယ် ပဋိပက္ခကြောင့် အနည်းဆုံး လူ ၁ ဦးသေဆုံး

ABC

ရခိုင်ပြည်နယ်သံတွဲမြို့နယ်အတွင်းက ​ကျေးရွာတွေမှာ ​အောက်တိုဘာလ ​၁ရက် ​မနေ့က ​ဒေသခံ ​ဗုဒ္ဓဘာသာဝင် ​ရခိုင်လူမျိုးတွေနဲ့ ​အစ္စလာမ်ဘာသာဝင် ​မွတ်စလင်လူမျိုးတွေကြား ​အကြမ်းဖက်မှုတွေ၊ ​အပြန်အလှန်မီးရှို့မှုတွေဖြစ်ပွားခဲ့တဲ့အတွက် ​အနည်းဆုံး ​လူတစ်ဦးသေဆုံးခဲ့သလို ​ထိခိုက်ဒဏ်ရာရမှုတွေလည်းရှိခဲ့ပါတယ်။ ​နေအိမ်တချို့လည်း ​မီးတင်ရှို့ခံခဲ့ရပါတယ်။

သေဆုံးသူမှာ ​မွတ်စလင်အမျိုးသမီးတစ်ဦးဖြစ်ပြီး ​ထိခိုက်ဒဏ်ရာကြောင့် ​ဗုဒ္ဓဘာသာ ​ရခိုင်တိုင်းရင်းသားလေးဦးလည်း ​ဆေးရုံတင်ခဲ့ရတယ်လို့ ​ဒေသခံ ​ရဲအရာရှိတစ်ဦးကပြောပါတယ်။

ပဋိပက္ခ ​ထပ်မံဖြစ်ပွားခဲ့တဲ့အတွက် ​သံတွဲမြို့နယ်တခုလုံးမှာ ​ထုတ်ပြန်ထားပြီးသား ​ပုဒ်မ ​၁၄၄ကို ​အချိန်တိုးပြီး ​ထုတ်ပြန်လိုက်တယ်လို့လည်း ​ရခိုင်ပြည်နယ် ​လွှတ်တော်အမတ် ​ဦးအောင်မြကျော်က ​ပြောပါတယ်။

မနေ့က ​မနက် ​၄နာရီလောက်ကတည်းက ​သံတွဲမြို့နယ်အတွင်းက ​မြို့နဲ့အလှမ်းဝေးတဲ့ကျေးရွာတွေမှာ ​မီးရှို့မှုတွေဆက် ​လက်ဖြစ်ပွားခဲ့ပြီး ​လုံခြုံရေးအင်အားလည်း ​လုံလောက်မှုမရှိသလို ​အကြမ်းဖက်မှုတွေကြောင့် ​လူသေဆုံးမှုတွေလည်း ​ရှိခဲ့တယ်လို့ ​ဦးအောင်မြကျော်က ​အခုလိုဆက်ပြောပါတယ်။

“သံတွဲမှာတော့ ​တော်တော်ပြဿနာက ​ကြီးနေပါတယ်၊ ​သံတွဲမြို့ပေါ်ကတော့ ​သိပ်ပြဿနာ ​မရှိဘူး၊ ​အဲဒီနယ် ​ဘက်က ​ကျေးရွာတွေမှာ ​တော်တော်များများကိုပြဿနာက ​များနေတာ ​ဟိုဘက်ဒီဘက် ​အဓိကမီးရှို့၊ ​တဲဖျက် ​အဲလိုမျိုးတော်တော်များများတော့ ​ဖြစ်နေကြတယ်၊ ​တယောက်ကတော့ ​ဒဏ်ရာနဲ့ ​ဆုံးတယ်လို့တော့ပြောတယ်၊ ​ဘယ်လောက်လောက်သေလဲတော့ ​အတိအကျတော့ ​မသိရသေးဘူး၊ ​အပြန်အလှန်ဖြစ်နေကြတယ်ပြောတယ်၊ ​ရွှေလှေဆိုတဲ့ရွာရယ်၊ ​သဗြုချိုင်ဆိုတဲ့ရွာရယ်၊ ​ဒီဘက်က ​မဲကျွန်းလို့ခေါ်တဲ့ ​အဲဒီရွာတွေမှာ ​ဖြစ်နေတယ်လို့ ​ပြော ​တယ် ​မီးရှို့မှုတွေ၊ ​အကုန်လုံးဟိုဘက် ​ဒီဘက်က ​အိမ်ခြေ ​တရာကျော်လာက်တော့ ​ပါသွားပြီထင်တယ်။”

ပြီးခဲ့တဲ့စနေနေ့ ​စက်တင်ဘာ ​၂၉ရက်နေ့က ​ဗုဒ္စဘာသာသာသနာအလံပါတဲ့ ​သုံးဘီး ​ဆိုင်ကယ်ရပ်နားတဲ့ကိစ္စနဲ့ ​ပတ်သက်ပြီး ​ကမန်မွတ်စလင်အမျိုးသားတဦးနဲ့ ​ဗုဒ္ဓဘာသာ ​ရခိုင်ဒေသခံတဦးတို့ကြားအငြင်းပွားမှုတွေ ​ဖြစ်ပွားခဲ့ရာကနေ ​မီးရှို့မှုတွေ ​ ပဋိပက္ခတွေ ​စတင်ဖြစ်ပွားလာတာဖြစ်ပါတယ်။

ပဋိပက္ခတွေ၊ ​မီးရှို့မှုတွေဟာ ​စက်တင်ဘာ ​၃၀ရက်နေ့မှာလည်း ​ဖြစ်ပွားခဲ့ပြီး ​မနေ့ကတော့ ​အခြေအနေ ​တွေဟာ ​ပိုပြီးစိုးရိမ်ရတဲ့အတွက် ​ပုဒ်မ ​၁၄၄ကို ​အချိန်ထပ်တိုးပြီးထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ ​ပြည်နယ် ​လွှတ်တော်အမတ် ​ဦးအောင်မြကျော်က ​အခုလိုပြောပါတယ်။

“သံတွဲတမြို့နယ်လုံးကို ​ထုတ်ထားတာပါ ​၁၄၄ ​ပုဒ်မထုတ်ထားတာ၊ ​မရုတ်သိမ်းရသေးပါဘူး၊ ​ပထမတုန်းကလည်း ​အချိန်ကိုပဲလျော့တာပဲရှိတယ် ​သံတွဲမှာ၊ ​အခုကတော့ ​အချိန်ကို ​ထပ်တိုးလိုက်ပြီ ​ညနေ ​၆နာရီကနေ ​မနက် ​၆နာရီ ​ထိ။” 

သံတွဲမြို့နယ်အတွင်းမှာ ​အကြမ်းဖက်မီးရှို့မှုတွေဖြစ်ပွားနေချိန်မှာပဲ ​နိုင်ငံတ်ာသမ္မတဦးသိန်းစိန်ဟာ ​မနေ့မနက်ပိုင်းက ​ရခိုင်ပြည်နယ်ကို ​ရောက်ရှိနေပြီး ​ဘူးသီးတောင်၊ ​မောင်တော၊ ​ကျောက်တော်၊ ​မြောက်ဦးမြို့တို့ကို ​သွားရောက်ခဲ့ကြောင်း၊ ​ ညနေပိုင်းမှာတော့ ​စစ်တွေမြို့ကို ​ပြန်လည်ရောက်ရှိလာပြီး ​ဒေသခံရခိုင်လူမျိုးတွေနဲ့ ​မွတ်စလင်လူမျိုးတွေကို ​တွေ့ဆုံခဲ့တဲ့အကြောင်း၊ ​ဒီကနေ့မှာတော့ ​ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်တွေ၊ ​လူမှု ​အဖွဲ့အစည်းတွေနဲ့တွေ့ဆုံဖို့ရှိတယ် ​ဦးအောင်မြကျော်ကပြောပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ​ရခိုင်ပြည်နယ် ​ခရီးစဉ်အတွင်းမှာ ​ပဋိပက္ခဖြစ်နေတဲ့ ​သံတွဲမြို့ကို ​သွားရောက်ဖို့ ​ရှိပေမယ့် ​ပဋိပက္ခတွေ ​ထပ်မံဖြစ်ပွားခဲ့တဲ့အတွက် ​ခရီးစဉ်ကို ​ဖျက်လိုက်တယ်ဆိုတဲ့အကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ခဲ့တာဖြစ်ပါတယ်။

No comments: