မင်းမင်း
ယင်းငွေကြေးမှာ နှစ်နှစ်ကျော်ကာလအတွင်း ရရှိထားသည့် ငွေကြေးဖြစ်
သတ်မှတ်ထားသည့် နေရာများတွင် အမှိုက်မစွန့်ပစ်ဘဲ စည်းကမ်းမဲ့ အမှိုက်ပစ်နေသူများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ငွေဒဏ်ဖြင့် အရေးယူလျက်ရှိနေရာ စုစုပေါင်း ငွေကျပ် ၉၄ သိန်း တိတိ ရရှိထားသည်ဟု ရန်ကုန်တိုင်း မြို့တော်ဝန် ဦးလှမြင့်က ပြောဆိုလိုက်သည်။
ထိုငွေပမာဏမှာ ရန်ကုန်မြို့တော် စည်ပင်လက်အောက်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကို ၂၀၁၁ ခုနှစ်မှစပြီး အရေးယူခဲ့ရာမှ လက်ရှိအချိန်ထိ နှစ်နှစ်ကျော်ကာလအတွင်း ရရှိထားသည့် ငွေကြေးဖြစ်သည်ဟု မြို့တော်ဝန်က ပြောသည်။
ရန်ကုန်စည်ပင်သာယာ နယ်နမိတ်အတွင်းရှိ နေရာအနှံ့အပြားတွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကြောင့်ရေမြောင်းပိတ်ဆို့မှုများ ကြုံတွေ့နေရသည့်အတွက် စည်ပင်မှ မည်သို့ အရေးယူနေသနည်းဟု ကမာရွတ်မြို့နယ်မှ ရန်ကုန်တိုင်းလွှတ်တော်အမတ် ဦးမြငွေ၏ မေးခွန်းထုတ်မှုကို စက်တင်ဘာ ၃၀ က ပြုလုပ်သည့် တိုင်းလွှတ်တော် တွင် မြို့တော်ဝန်က ယင်းကဲ့သို့ ဖြေကြားသွားခြင်း ဖြစ်သည်။
သို့သော် ထိုငွေများကို မည်သည့်နေရာတွင် ပြန်လည် အသုံးပြုသည်ကို မြို့တော်ဝန်က ရှင်းပြခဲ့ခြင်း မရှိပေ။
“လူတွေချတဲ့အမှိုက်ကို လူတွေက အပင်ပန်းခံ ငွေကုန်ခံပြီး ကောက်နေရတယ်၊ သိမ်းဆည်းနေရတယ် ဆိုတာဟာ တကယ်တမ်း တွေးကြည့်မယ်ဆိုရင်တော့ မဖြစ်သင့်ပါဘူး။ ရှက်စရာလည်း ကောင်းပါတယ်။ မြို့တော်စည်ပင် သာယာအတွက်လည်း အမှိုက်ကိစ္စနဲ့ပတ်သက်လို့ ကြီးလေးသော ၀န်ထုပ်ဝန်ပိုးကြီးဖြစ် နေပါတယ်”ဟု ဦးမြငွေ၏မေးခွန်းတွင် ပါဝင်သည်။
ယင်းအပြင် စားသောက်ဆိုင်အချို့တွင်လည်း အမှိုက်များ၊ စားကြွင်းစားကျန်များကို ရေမြောင်းပေါက်များတွင် စွန့်ပစ်နေသည်ကို တွေ့နေရသည်ဟုလည်း ဦးမြငွေက လွှတ်တော်တွင် ထပ်ဆင့် မေးခွန်းထုတ်ခဲ့ သေးသည်။
ပြည်သူများသည် စည်ပင်မှ သတ်မှတ်ထားသော စနစ်အတိုင်း အမှိုက်စွန့်ပစ်ရမည်ဖြစ်ပြီး လက်ရှိတွင် အမှိုက်ကန် စနစ်၊ ခေါင်းလောင်းတီးစနစ်၊ သီးခြား အမှိုက်သိမ်းစနစ်များဖြင့် သိမ်းဆည်းဆောင်ရွက်ပေးနေသည်ဟု မြို့တော်ဝန် က တိုင်းလွှတ်တော်တွင် ပြောသည်။ ထို့ပြင် ဆေးရုံ၊ ဆေးခန်းများမှ အမှိုက်များကိုမူ သီးသန့် အမှိုက်သိမ်းယာဉ်ဖြင့် သိမ်းပြီး မီးရှို့ဖျက်ဆီးပစ်သည်ဟုလည်း ၎င်းက ပြောသည်။
မြို့တော်ဝန်၏ ပြောဆိုချက်အရ ရန်ကုန်တိုင်း စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၃ မြို့နယ်တွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကို အရေးယူရန် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ရှစ်ဖွဲ့သာထားရှိနိုင် သေးသည်။
စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကို စည်ပင်သာယာရေးကော်မတီ တစ်ခုတည်းကသာ အရေးယူဆောင်ရွက်ခြင်းမျိုး မဟုတ်ဘဲ သက်ဆိုင်ရာအဖွဲ့များနှင့် ပြည်သူများကလည်း လိုက်နာဆောင်ရွက်ရန်လိုသည် ဟုလည်း မြို့တော်ဝန်ကပြောသည်။
ရေမြောင်းများတွင် အမှိုက်များ ပိတ်ဆို့နေပြီး ရေစီးရေလာ မကောင်းသည့်အတွက် ရန်ကုန်တွင် အချိန် အနည်းငယ်ကြာ မိုးသည်းထန်စွာရွာပါက လမ်းပေါ်တွင် ရေကြီးရေလျှံမှုများ နေရာအနှံ့အပြားတွင် ဖြစ်ပေါ်လေ့ရှိသည်။
No comments:
Post a Comment