Saturday, November 2, 2013

မြို့ပတ်ရထား လူကူးခုံးကျော်တံတားများလာမည့်နှစ် မတ်လတွင် အပြီးပြုပြင်မည်

အေးမြင့်စန်း

ရန်ကုန်တွင် မြို့ပတ်ရထားလူကူးခုံးကျော်တံတား ၂၁ စင်း ပြုပြင်ရေးလုပ်ငန်းများ ပြုလုပ်နေရာ လာမည့် နှစ်မတ်လတွင် အပြီးသတ်ပြုပြင်သွားမည်ဖြစ်သည်ဟု မြန်မာ့မီးရထား၊ မြို့ပြအင်ဂျင်နီယာဌာနမှ တိုင်း လက်ထောက် အထွေထွေမန်နေဂျာ အင်ဂျင်နီယာမှူးကြီး ဦးမောင်မောင်သန်းက အောက်တိုဘာ ၃၀ တွင်မဇိ္ဈမကို ပြောသည်။

ပြုပြင်မှုများ ပြုလုပ်နေသည့် လူကူးခုံးကျော်တံတားများတွင် ၁၂ စင်းမှာ ပြုပြင်ပြီးဖြစ်ပြီး ကျန်ရှိနေသေး သည့်ကိုးစင်းကို လာမည့်နှစ်မတ်လတွင် အပြီးပြုပြင်သွားမည် ဖြစ်သည်။ ပြုပြင်ရမည့် တံတားများမှာ ဒဂုံမြို့နယ်ရှိ ဘုရားလမ်း လူကူးခုံးကျော်တံတား၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြည်တော်ခုံးကျော်တံ တား၊ တာမွေခုံးကျော်တံတား၊ ဘောက်တော် ခုံးကျော်တံတား၊ ပုရွတ်ဆိတ်ကုန်း၊ သင်္ကန်းကျွန်း၊ ကမာ ရွတ်၊ ပန်းလှိုင်၊ ဟံသာဝတီ လူကူးခုံးကျော်တံတားများ ဖြစ်သည်။

တိုင်းလက်ထောက် အထွေထွေမန်နေဂျာ ဦးမောင်မောင်သန်းက “ခုံးကျော်တံတားတစ်ခုကို ကုန်ကျ စရိတ်အနိမ့်ဆုံး ငွေကျပ်ဆယ်သိန်းကနေ သိန်းသုံးဆယ်အထိကုန်ကျခဲ့ပါတယ်၊ အလွယ်တကူ ရထားလမ်းကနေ စည်းကမ်းမဲ့လမ်းဖြတ်ကူးတာတွေ လျော့သွားအောင် ခုံးကျော်တံတားတွေကို အမြန်ဆုံး ပြုပြင်သွားမှာပါ”ဟု ပြောသည်။

ရန်ကုန်မြို့ပတ်ရထားလမ်းတစ်လျှောက်ရှိ မြို့ပတ်ရထား လူကူးခုံးကျော်တံတား ၂၁ စင်းကို ၂၀၁၃ ခုနှစ်၊ ဧပြီလ မှ စတင်၍ ကျပ်သန်းပေါင်း ၇၃ သန်း အကုန်အကျခံပြီး ပြုပြင်ပေးရန် လျာထားပြီး တံတား ၁၂ စင်းပြီးစီးသွားပြီ ဖြစ်သည်။

ယင်းသို့ လူကူးခုံးကျော်တံတားများ အဆင့်မြှင့်တင်ခြင်းအပြင် မီးရထားဘူတာများ အဆင့်မြှင့်တင်ခြင်း များကိုလည်း ဆောင်ရွက်နေရာအဆိုပါ လုပ်ငန်းများကိုမြန်မာ့မီးရထား၏ ဘတ်ဂျက်ငွေဖြင့် ပြုပြင်ခြင်း ဖြစ်သည်ဟုလည်း မြန်မာ့မီးရထားမှ သိရသည်။

ပြုပြင်ပြီးစီးသွားသည့် ခုံးကျော်တံတားများတွင် ရေကျော်ဘူတာခုံးကျော် တံတား၊ ရွာမ၊ ဓညင်းကုန်း၊ အောင်ဆန်း၊ ဗိုလ်ချုပ်ဈေး လူကူးခုံးကျော်တံတား၊ ဂေါက်ကွင်း၊ ကံဘဲ့ဘူတာ ခုံးကျော်တံတား အစရှိ သည့် တံတား၁၂ စင်း ဖြစ်သည်။

ယင်းသို့ ခုံးကျော်တံတားများကို ဦးစားပေးပြုပြင်နေခြင်းမှာ မြို့ပတ်ရထားလမ်းတစ်လျှောက် မဆင်မခြင် လမ်းဖြတ်ကူးမှုများကြောင့် မီးရထားတိုက်မိသူများရှိနေ၍ ဖြစ်သည်ဟုလည်း မြန်မာ့မီးရထားက သိရ သည်။

မြို့ပတ်ရထားစီး ခရီးသည်တစ်ဦးက “မီးရထားလာလို့ အန္တရာယ်ကင်းအောင် ခုံးကျော်တံတားက ဖြတ် ကူးချင်ပါတယ်၊ ခုံးကျော်တံတားတွေက အောက်ခြေကွန်ဂရိခင်းထားတာတွေက အက်ကွဲပျက်စီးနေ တယ်၊ အသုံးမပြုတာကြာတော့ ရေညှိတွေတက်ပြီး ခြေချော်ကျနိုင်တဲ့အပြင် ခုံးကျော်တံတားက မှောင် မည်းနေတော့ တချို့မိန်းကလေးတွေအတွက် ခုံးကျော်တံတားပေါ်ကို တက်ပြီးမသွားရဲကြဘူး၊ ရထားလမ်းပေါ်တွေက နေမဖြတ်ချင်ဘဲ လမ်းကူးနေရတာတွေရှိတယ်” ဟု ပြောသည်။

မြန်မာမီးရထားမှ ၂၀၁၂-၁၃ဘဏ္ဍာ ရေးနှစ်တွင် မီးရထားဘူတာပေါင်း ၃၈ ဘူတာကို ပြုပြင်မှုများ ဆောင်ရွက်ခဲ့ပြီးဖြစ်ရာ ယင်းအတွက်ကုန်ကျစရိတ်ငွေ ကျပ်သန်းပေါင်း ၁၈၀ သုံးစွဲခဲ့သည်။

No comments:

Post a Comment