Friday, November 1, 2013

လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုမရှိသည့် စက်ရုံ၊အလုပ်ရုံများကို အစိုးရကတရားစွဲမည်

မင်းမင်း

သတ်မှတ်ထားသည့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းမှုနှင့် လုပ်သားများအား ကျန်းမာရေးစောင့်ရှောက်မှုမရှိသည့် စက်ရုံ၊ အလုပ်ရုံများကို ပထမအကြိမ်အနေဖြင့် ၀န်ခံကတိလက်မှတ်ရေးထိုးစေပြီး ထပ်မံကျူးလွန်ပါက တရားစွဲမည်ဟုအလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဦးစီးဌာန ဒု-၀န်ကြီး ဦးထင်အောင်က ပြောသည်။

ဝန်ကြီးဌာန၏ အလုပ်ရုံစစ်ဆေးရေးအရာရှိများက ကွင်းဆင်းစစ်ဆေးမည်ဖြစ်ပြီး လိုက်နာဆောင်ရွက်မှု မရှိသည့် စက်ရုံ၊ အလုပ်ရုံများကို တရားစွဲဆိုမည်ဖြစ်သည်ဟု ဒု-၀န်ကြီး ဦးထင်အောင်က အောက်တိုဘာ လ ၃၀ ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်တွင် ပြောဆိုလိုက်သည်။

“မီးဘေးအန္တရာယ်ကာကွယ်ရေး အစီအမံ၊ အရေးပေါ်ထွက်ပေါက်များ လုံလောက်စွာထားရှိရေး၊ သန့် ရှင်းသောသောက်သုံးရေ၊ သန့်စင်ခန်းနှင့် ထမင်းစားဆောင်များ လုံလောက်စွာစီစဉ်ပေးခြင်း၊ လုပ်သား အင်အားနဲ့ ကိုက်ညီတဲ့ ကြိုပို့ယာဉ်များထားရှိရေး၊ ဆေးသေတ္တာများ၊ ဆေးဝါးများ၊ သူနာပြုများထားရှိ ရေးကိုလည်း ကြပ်မတ်ဆောင်ရွက်လျက်ရှိပါတယ်”ဟု ၀န်ကြီးဌာနမှ ဆောင်ရွက်နေမှု အခြေအနေကို ဒု-၀န်ကြီးက ရှင်းပြသည်။

ယင်းအပြင် ၁၉၅၁ ခုနှစ်က ပြဋ္ဌာန်းထားသည့် အလုပ်ရုံများအက်ဥပဒေကို ပြင်ဆင်ရေးဆွဲလျက်ရှိပြီး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဥပဒေကြမ်းကိုလည်း ရေးဆွဲနေသည်ဟုလည်း ၎င်းကဆိုသည်။

အစိုးရက အထက်ပါအတိုင်းလိုက်နာမှုမရှိသည့် စက်ရုံ၊ အလုပ်ရုံများကို တရားစွဲမည်ဆိုခြင်းသည် လွှတ် တော်၏ အလုပ်သမား၊ အလုပ်ရှင်အခွင့်အရေး လေ့လာရေးကော်မရှင်က ရန်ကုန်နှင့် ပဲခူးတိုင်းတို့မှ စက် ရုံများကို ကွင်းဆင်းစစ်ဆေးပြီးနောက်ထွက်ပေါ်လာသည့် အစီရင်ခံစာ၏နောက်ဆက်တွဲ ရလဒ်တစ်ခု လည်း ဖြစ်သည်။

လွှတ်တော်အမတ် ၂၆ ဦးဖြင့် ဖွဲ့စည်းထားသည့် ထိုကော်မတီက စက်ရုံ ၃၆ ရုံသို့ သွားရောက်စစ်ဆေးပြီး ပြီးခဲ့သည့် သြဂုတ်လအတွင်းက ထုတ်ပြန်လိုက်သည့် အစီရင်ခံစာတွင်စက်ရုံ၊ အလုပ်ရုံများ၌ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းမှုမှာ အလွန်အားနည်းနေပြီး လုပ်သားများအတွက်ကျန်းမာရေး စောင့်ရှောက်မှုလည်း မရှိသလောက်ဖြစ်နေသဖြင့် ကျန်းမာရေးချို့တဲ့ကာစိတ်ဓာတ်အင်အား ကျဆင်းနေသည်ဟုပါရှိသည်။

ထို့ပြင်စက်ရုံများတွင် ဥပဒေနှင့် အညီလုပ်သားအင်အားအလိုက်ထားရှိရမည့် ဆေးသေတ္တာများမထားရှိ ကြောင်း၊ စက်ရုံရှိဆေးခန်းတွင် တာဝန်ထမ်းဆောင်နေသူများသည်လည်း လက်မှတ်ရ၊ လိုင်စင်ရ သူနာ ပြုမဟုတ်ဘဲ သူနာပြုအကူများသာဖြစ်နေကြောင်း၊ လုပ်သားများကို ကျန်းမာရေးစစ်ဆေးပေးမှု တစ်နှစ် တစ်ကြိမ်ပင် ဆောင်ရွက်မပေးကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

No comments:

Post a Comment