Friday, November 1, 2013

မြန်မာနိုင်ငံက ခေတ်သစ်ကျွန် အသုံးပြုမှု

ABC

မြန်မာနိုင်ငံက ​စက်ရုံ ​အလုပ်သမားတွေဟာ ​အလုပ်ချိန်အကြာကြီးလုပ်ရပေမယ့် ​လုပ်အားခ ​အနည်းငယ်သာ ​ရရှိကြတယ်ဆိုတာ ​တွေ့ရှိပြီးနောက် ​ခေတ်သစ်ကျွန်သဘောက်လို့ ​နာမည်ပေးထားတဲ့ ​အစီရင်ခံစာတစောင်ကို ​အလုပ်သမားအဖွဲ့က ​ထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ​မှာရှိတဲ့ ​စက်မှုဇုန်တွေက ​အလုပ်သမားတွေရဲ့ ​အခြေအနေကို ​Labour ​Rights ​Clinic ​အဖွဲ့က ​ရန်ကုန်တိုင်း ​ဒေသကြီးရှိ ​စက်မှုဇုန် ​၁၃ ​ခုက ​အလုပ်သမား ​တစ်ထောင်ကျော်ရဲ့ ​အတွေ့အကြုံကို ​စစ်တမ်းကောက်ယူပြီး ​ထုတ်ပြန်ခဲ့တာ ​ဖြစ်တဲ့အကြောင်း ​Labour ​Rights ​Clinic ​(ရန်ကုန်) ​က ​ပြန်ကြားရေးတာဝန်ခံ ​ကိုချစ်ဦးမောင်က ​ပြောပါတယ်။

“ကျွန်တော်တို့ ​ဒီအစီရင်ခံစာက ​ရန်ကုန်တိုင်း ​စက်မှုဇုန်ထဲမှာ ​ရှိတဲ့ ​အလုပ်သမားတွေရဲ့အခြေအနေကိုပဲ ​ဖော်ပြတာဖြစ်တဲ့အတွက် ​တစ်နိုင်ငံလုံးအတိုင်းအတာကို ​မလွှမ်းမိုးနိုင်ဘူး၊ ​အခုအစီရင်ခံစာမှာလည်း ​အလုပ်သမားတွေကိုသာ ​တွေ့ဆုံမေးမြန်းထားတဲ့ ​အစီရင်ခံစာပဲဖြစ်တယ်”


အထည်ချုပ် ​စက်ရုံက ​အမျိုးသမီးတွေရဲ့ ​ဘဝ ​လုံခြုံမှုအားနည်းတဲ့ ​ပြဿနာအကြောင်းလည်း ​Labour ​Rights ​Clinic ​(မန္တလေး) ​က ​ကိုရန်နိုင်ထွေးက ​အခုလို ​ပြောပါတယ်။

“အဓိကရည်ရွယ်ပြီး ​စာရင်းကောက်ယူခဲ့တာကတော့ ​အထည်ချုပ်စက်ရုံတွေက ​အမျိုးသမီးတွေရဲ့ ​ဘ၀မလုံခြုံမှု ​ပြဿနာတွေပေါ့၊ ​စက်ရုံပိုင်ရှင်တွေက ​ပေးထားတဲ့ ​စက်ရုံလိုင်းခန်းတွေက ​စက်ရုံနဲ့ ​အရမ်းဝေးပြီး ​ကားမှတ်တိုင် ​တွေနဲ့ ​အရမ်းဝေးတယ်၊ ​အဲ့ဒါတွေက ​သူတို့ဘ၀လုံခြုံမှုအတွက် ​နေ့စဉ်ကြုံတွေ့နေရတဲ့ ​စိန်ခေါ်မှု ​ပြဿနာတွေ ​ဖြစ်တယ်”

အဲဒါအပြင် ​အလုပ်သမားအခွင့်အရေးတွေ ​အပြည့်အ၀မရသေးတာတွေ၊ ​လွတ်လပ်စွာ ​ဆန္ဒပြခွင့် ​မရတာတွေ၊ ​ကျန်းမာရေးစောင့်ရှောက်မှုအားနည်းတာတွေ ​အစရှိတဲ့ ​ပြဿနာတွေလည်း ​ရှိနေတယ်လို့ ​အစီရင်ခံစာမှာ ​ဖော်ပြထားပါတယ်။

ဒီလို ​အခြေအနေကြောင့် ​မြန်မာနိုင်ငံမှာ ​လာရောက် ​ရင်းနှီးမြုပ်နှံသူတွေကို ​အလုပ်အကိုင် ​အခွင့်အလမ်းနဲ့ ​တာဝန်ယူမှုရှိတဲ့ ​ရင်းနှီးမြုပ်နှံမှုမျိုး ​ပြုလုပ်ဖို့ ​တိုက်တွန်းထားတဲ့အကြောင်းလည်း ​ပါရှိတဲ့အကြောင်း ​မြစ်မခသတင်းအရ ​သိရပါတယ်။

No comments:

Post a Comment