Monday, November 25, 2013

ထောက်လှမ်းရေးဟောင်းတွေကို အကျဉ်းသားစီစစ်မှုမှာ ထည့်သွင်းဖို့ဆွေးနွေး

ABC

၁၀ ​ကြိမ်မြောက် ​ပြုလုပ်ခဲ့တဲ့ ​လက်ကျန် ​နိုင်ငံရေးအကျဉ်းသား ​စီစစ်ရေးကော်မတီရဲ့ ​အစည်းအဝေးမှာ ​အရင် ​စစ်အစိုးရလက်ထက်က ​ပြစ်ဒဏ်ကျခဲ့တဲ့ ​ထောက်လှမ်းရေးဟောင်း ​တွေကို ​နိုင်ငံရေး ​အကျဉ်းသားစီစစ်မှုထဲ ​ထည့်သွင်း ​စဉ်းစားပေးဖို့ ​ဆွေးနွေးခဲ့ကြတယ်လို့ ​လက်ကျန်နိုင်ငံရေး ​အကျဉ်းသားစီစစ်ရေး ​ကော်မတီက ​ပြောပါတယ်။

ပြီးခဲ့တဲ့ ​စနေနေ့က ​ပြုလုပ်တဲ့ ​အစည်းအဝေးမှာ ​ဆွေးနွေးခဲ့တာ ​ဖြစ်ပြီး ​အကျဉ်းသားအဖြစ် ​စီစစ် ​သတ်မှတ်ဖို့ထက် ​အကြံပြု ​ဆွေးနွေးကြာတာပါ။

ပြစ်ဒဏ်ကျနေတဲ့ ​ထောက်လှမ်းရေးဟောင်းတွေကို ​လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ ​ထည့်စဉ်းစား ​သင့်တဲ့ ​အကြောင်း ​ဆွေးနွေးခဲ့တယ်လို့ ​လက်ကျန်နိုင်ငံရေး ​အကျဉ်းသား ​စီစစ်ရေး ​ကော်မတီမှာ ​ပါဝင်တဲ့ ​မြန်မာငြိမ်းချမ်းရေး ​စင်တာက ​ဦးလှမောင်ရွှေက ​အခုလိုပြောပါတယ်။

“၁၀ ​ကြိမ်မြောက် ​အစည်းအဝေးမှာ ​ဦးသိန်းညွှန့်တို့ ​ဇာဂနာတို့ ​ကျွန်တော်တို့က ​ဒီထောက်လှမ်းရေး ​ဟောင်းတွေလည်း ​၁၀ ​နှစ်လောက် ​စောင့်ပြီးပြီ။ ​အဲတော့ ​လူသားချင်းစာနာတဲ့အနေနဲ့ ​ထည့်စဉ်းစားသင့်တယ်။ ​အဲတော့ ​သူတို့ကိုလည်း ​ဒီတိုင်းပြည်ရဲ့ ​ပြန်လည် ​ရင်ကြားစေ့ရေးနဲ့ ​ဒီကိစ္စရပ်တွေနဲ့ ​ထည့်ပြီးတော့ပေါ့ဗျာ။ ​နိုင်ငံရေး ​အကျဉ်းသားလို့ ​မပြောပင်လည်း ​သူတို့ကိုတော့ ​ဒီကလူတွေ ​သဘောထားတစ်ခုပေးသင့်တယ် ​ဒါကိုလည်း ​ကျွန်တော်တို့အနေနဲ့ကတော့ ​ဇာဂနာရယ်၊ ​ကျွန်တော်ရယ်၊ ​ဦးသိန်းညွှန့်ရယ်ကတော့ ​ကျွန်တော်တို့က ​ထောက်ခံတာပေါ့ဗျာ။ ​အဲဒါကိုတော့။”


အဲဒီဆွေးနွေးပွဲမှာ ​ကော်မတီဝင်အချို့က ​ထောက်ခံဆွေးနွေးခဲ့ပေမယ့် ​တစ်ချို့ကလည်း ​ကန့်ကွက် ​ဆွေးနွေးခဲ့တယ်လို့ ​ဦးလှမောင်ရွှေက ​ဆက်ပြောပါတယ်။

“ထောက်လှမ်းရေး ​တစ်ချို့ကလည်း ​နိုင်ငံရေး ​ပုဒ်မနဲ့ ​ပါတဲ့သူပါပါတယ်။ ​တစ်ချို့ကကျတော့လည်း ​တစ်ခြား ​ပုဒ်မတွေနဲ့ ​ဆွဲထားတာလည်း ​ရှိမှာပေါ့ဗျာ။ ​ဒါပေမယ့် ​လူသားချင်းအနေနဲ့တော့ ​ထည့်ပြီး ​စဉ်းစားသင့်တယ်ဆိုတာကိုတော့ ​သူတို့ ​သဘောတူပါတယ်။ ​နိုင်ငံရေး ​အကျဉ်းသားအနေနဲ့ထည့်စဉ်းစားတာကိုတော့ ​ကန့်ကွက်တဲ့ ​သူလည်း ​ရှိပါတယ်။”

လက်ကျန်နိုင်ငံရေး ​အကျဉ်းသား ​ကော်မတီရဲ့ ​အကျဉ်းသား ​စီစစ်မှုတွေကို ​နိုင်ငံတော် ​သမ္မတကို ​တင်ပြရတာဖြစ်ပြီး ​သမ္မတ ​အနေနဲ့ ​ထပ်မံ ​စီစစ်ပြီး ​လွတ်ငြိမ်းချမ်းသာခွင့် ​ပေးတာဖြစ်တယ်လို့ ​သိရပါတယ်။ ​ပြီးခဲ့တဲ့ ​နိုဝင်ဘာလ ​၁၅ ​ရက်နေ့က ​နိုင်ငံရေး ​အကျဉ်းသား ​၅၀ ​ကျော်ကို ​လွတ်ငြိမ်းချမ်းသာခွင့် ​ပေးခဲ့ပြီး ​နိုင်ငံရေး ​အကျဉ်းသားများ ​ကူညီစောင့်ရှောက်ရေး ​အသင်း ​AAPP ​ရဲ့ ​စာရင်းအရတော့ ​အကျဉ်းထောင်တွေအထဲမှာ ​နိုင်ငံရေး ​အကျဉ်းသား ​၁၀၀ ​ဝန်းကျင်လောက် ​ကျန်ရှိနေသေးတယ်လို့ ​သိရပါတယ်။

သမ္မတ ​ဦးသိန်းစိန် ​အနေနဲ့လည်း ​ဒီဇင်ဘာလ ​မကုန်မှီ ​နိုင်ငံရေး ​အကျဉ်းသားတွေ ​အကုန်လွတ်မြောက်ရမယ်လို့ ​ကတိပေး ​ပြောကြားခဲ့ဘူးပါတယ်။

No comments:

Post a Comment