ABC
၁၀ ကြိမ်မြောက် ပြုလုပ်ခဲ့တဲ့ လက်ကျန် နိုင်ငံရေးအကျဉ်းသား စီစစ်ရေးကော်မတီရဲ့ အစည်းအဝေးမှာ အရင် စစ်အစိုးရလက်ထက်က ပြစ်ဒဏ်ကျခဲ့တဲ့ ထောက်လှမ်းရေးဟောင်း တွေကို နိုင်ငံရေး အကျဉ်းသားစီစစ်မှုထဲ ထည့်သွင်း စဉ်းစားပေးဖို့ ဆွေးနွေးခဲ့ကြတယ်လို့ လက်ကျန်နိုင်ငံရေး အကျဉ်းသားစီစစ်ရေး ကော်မတီက ပြောပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က ပြုလုပ်တဲ့ အစည်းအဝေးမှာ ဆွေးနွေးခဲ့တာ ဖြစ်ပြီး အကျဉ်းသားအဖြစ် စီစစ် သတ်မှတ်ဖို့ထက် အကြံပြု ဆွေးနွေးကြာတာပါ။
ပြစ်ဒဏ်ကျနေတဲ့ ထောက်လှမ်းရေးဟောင်းတွေကို လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ ထည့်စဉ်းစား သင့်တဲ့ အကြောင်း ဆွေးနွေးခဲ့တယ်လို့ လက်ကျန်နိုင်ငံရေး အကျဉ်းသား စီစစ်ရေး ကော်မတီမှာ ပါဝင်တဲ့ မြန်မာငြိမ်းချမ်းရေး စင်တာက ဦးလှမောင်ရွှေက အခုလိုပြောပါတယ်။
“၁၀ ကြိမ်မြောက် အစည်းအဝေးမှာ ဦးသိန်းညွှန့်တို့ ဇာဂနာတို့ ကျွန်တော်တို့က ဒီထောက်လှမ်းရေး ဟောင်းတွေလည်း ၁၀ နှစ်လောက် စောင့်ပြီးပြီ။ အဲတော့ လူသားချင်းစာနာတဲ့အနေနဲ့ ထည့်စဉ်းစားသင့်တယ်။ အဲတော့ သူတို့ကိုလည်း ဒီတိုင်းပြည်ရဲ့ ပြန်လည် ရင်ကြားစေ့ရေးနဲ့ ဒီကိစ္စရပ်တွေနဲ့ ထည့်ပြီးတော့ပေါ့ဗျာ။ နိုင်ငံရေး အကျဉ်းသားလို့ မပြောပင်လည်း သူတို့ကိုတော့ ဒီကလူတွေ သဘောထားတစ်ခုပေးသင့်တယ် ဒါကိုလည်း ကျွန်တော်တို့အနေနဲ့ကတော့ ဇာဂနာရယ်၊ ကျွန်တော်ရယ်၊ ဦးသိန်းညွှန့်ရယ်ကတော့ ကျွန်တော်တို့က ထောက်ခံတာပေါ့ဗျာ။ အဲဒါကိုတော့။”
အဲဒီဆွေးနွေးပွဲမှာ ကော်မတီဝင်အချို့က ထောက်ခံဆွေးနွေးခဲ့ပေမယ့် တစ်ချို့ကလည်း ကန့်ကွက် ဆွေးနွေးခဲ့တယ်လို့ ဦးလှမောင်ရွှေက ဆက်ပြောပါတယ်။
“ထောက်လှမ်းရေး တစ်ချို့ကလည်း နိုင်ငံရေး ပုဒ်မနဲ့ ပါတဲ့သူပါပါတယ်။ တစ်ချို့ကကျတော့လည်း တစ်ခြား ပုဒ်မတွေနဲ့ ဆွဲထားတာလည်း ရှိမှာပေါ့ဗျာ။ ဒါပေမယ့် လူသားချင်းအနေနဲ့တော့ ထည့်ပြီး စဉ်းစားသင့်တယ်ဆိုတာကိုတော့ သူတို့ သဘောတူပါတယ်။ နိုင်ငံရေး အကျဉ်းသားအနေနဲ့ထည့်စဉ်းစားတာကိုတော့ ကန့်ကွက်တဲ့ သူလည်း ရှိပါတယ်။”
လက်ကျန်နိုင်ငံရေး အကျဉ်းသား ကော်မတီရဲ့ အကျဉ်းသား စီစစ်မှုတွေကို နိုင်ငံတော် သမ္မတကို တင်ပြရတာဖြစ်ပြီး သမ္မတ အနေနဲ့ ထပ်မံ စီစစ်ပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးတာဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့က နိုင်ငံရေး အကျဉ်းသား ၅၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီး နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ရဲ့ စာရင်းအရတော့ အကျဉ်းထောင်တွေအထဲမှာ နိုင်ငံရေး အကျဉ်းသား ၁၀၀ ဝန်းကျင်လောက် ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။
သမ္မတ ဦးသိန်းစိန် အနေနဲ့လည်း ဒီဇင်ဘာလ မကုန်မှီ နိုင်ငံရေး အကျဉ်းသားတွေ အကုန်လွတ်မြောက်ရမယ်လို့ ကတိပေး ပြောကြားခဲ့ဘူးပါတယ်။
No comments:
Post a Comment