Friday, December 27, 2013

အိန်္ဒိယသံအမတ် ကလေးမြို့ရောက်သော်လည်း နယ်စပ်ကျူးကျော်နေထိုင်မှုပြဿနာ ဖြေရှင်းခြင်းမရှိ

ဖိုးစိုးသူ

မြန်မာ-အိန်္ဒိယ နှစ်နိုင်ငံပိုင်ဆိုင်မှု အငြင်းပွားနေသော တမူးနယ်စပ် မြန်မာပိုင်နက်အတွင်းသို့ ကျူးကျော် နေထိုင်မှုများနှင့်ပတ်သက်ပြီး ဒီဇင်ဘာ ၂၃ ရက်က ကလေးမြို့သို့ ရောက်ရှိလာသည့် အန်္ဒိယသံအမတ် နှင့်ဆွေးနွေးခွင့်ရရန် တမူးဒေသ အရပ်ဘက်အဖွဲ့အစည်းများနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာများက တောင်း ဆိုခဲ့သော်လည်း ဆွေးနွေးခွင့်မပေးခဲ့ကြောင်း ကလေးမြို့နယ်အုပ်ချူပ်ရေးမှူး ဦးအေးနိုင်က ဒီဇင်ဘာ၂၄ ရက်တွင် မဇ္ဈိမကို ပြောသည်။

အိန်္ဒိယ-မြန်မာ နယ်စပ်ရှိ တမူးမြို့နယ်အပိုင် မိုင်တိုင်အမှတ် ၇၆ နှင့် ၇၉ ကြားတွင် အန်္ဒိယနိုင်ငံဘတ်မှ လူနေအိမ်လေးလုံးကို၂၀၁၃ ခုနှစ် မေလအတွင်း လာရောက်ကျူးကျော် ဆောက်လုပ်ခဲ့ပြီး လက်ရှိအချိန် တွင် အဆောက်အအုံများ ဆောက်လုပ်ရန်အတွက် မြေယာပြုပြင်ခြင်းများကို အာသန်စစ်တပ် ခိုင်းစေမှု ကြောင့်ဟုဆိုကာ စက်ကြီးများဖြင့် ခုချိန်ထိ ဆောင်ရွက်နေသည်ဟု အုပ်ချုပ်ရေးရုံးမှ သိရသည်။

“အိန်္ဒိယသံအမတ်ကြီးက ချင်းပြည်နယ် ဒေသဖွံ့ဖြိုးရေးအတွက် လာရောက်တာဖြစ်ပြီး ချင်းပြည်နယ်က အပြန်မှာ ကျွန်တော်တို့က ကြိုဆိုကြတာပါ။ တမူး - အိန်္ဒိယ နှစ်နိုင်ငံနယ်စပ်ပြဿနာနဲ့ ပတ်သက်လို့ တော့ အိန်္ဒိယသံအမတ်က ဘာမှ မပြောဘူး။ ဆွေးနွေးခွင့်တောင်းတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကို လည်း ခွင့်မပေးခဲ့ဘူး”ဟု ဦးအေးနိုင်က ပြောသည်။

အိနိ္ဒယဘက်မှ လာရောက်ကျူးကျော် နေထိုင်မှုများကြောင့် တမူးလူငယ်များကွန်ရက်နှင့် အထက်ချင်း တွင်းလူငယ်များ ကွန်ရက်တို့ ဦးဆောင်ပြီး ဒေသခံ လူအင်အား ၁၅၀ ခန့်ဖြင့် ဒီဇင်ဘာလ၂၄ ရက် နံနက် ၉ နာရီအချိန်တွင် နန့်ဖာလုံဈေး လမ်းဆုံမှ စတင်ပြီး ကဘော်ချိုင့်ဝှမ်း မြို့တော်ဆိုင်းဘုတ်အထိ လမ်း လျှောက် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း ဆက်လက်ပြောပြသည်။

အိန်္ဒိယ - တမူး နယ်စပ်ပြဿနာများသည် ရှေးအစဉ်အဆက်ကတည်းကရှိခဲ့ပြီး ယင်းပြဿနာအား နှစ် နိုင်ငံအစိုးရအနေဖြင့် ပြေလည်အောင် ဖြေရှင်းပေးနိုင်ခြင်းမရှိခဲ့၍ ပြဿနာမှာ ကြီးလာရခြင်းဖြစ်ပြီး နယ် နိမိတ်ဥပဒေတွင် သတ်မှတ်ထားသော နှစ်နိုင်ငံနယ်နိမိတ် ပေ ၂၀ အတွင်း မည်သည့်အဆောက်အအုံမှ မဆောက်လုပ်ပါက ပြဿနာမဖြစ်ပေါ်နိုင်ကြောင်း တမူးမြို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်က ဆိုသည်။

မှတ်တမ်းများအရ ၁၉၆၇ ခုနှစ်ကစပြီး အိန်္ဒိယ-မြန်မာနယ်နိမိတ်သတ်မှတ်နိုင်ရန် ဆောင်ရွက်နေခြင်းဖြစ် ပြီး တမူးမြို့နယ်တွင် နယ်နိမိတ်သတ်မှတ်ကျောက်တိုင် (BP) ပေါင်း ၇၀ ရှိပြီး ယင်းတွင် အငြင်းပွား(BP) ကိုးခုအထိရှိကြောင်း သိရသည်။

No comments:

Post a Comment