Friday, December 27, 2013

တပ်မတော်က ရယူထားသည့် နိုင်ငံရေးဦးဆောင်မှုကို ပြည်သူသို့ ပြန်ပေးရန် ၈၈ မျိုးဆက် ပြောပြီ

ဉဏ်လှိုင်လင်း

၂၀၀၈ ခုနှစ်၊ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၆(စ)ပါ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ် မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်ဟူသည့် ပြဋ္ဌာန်းချက်သည် အချုပ် အခြာအာဏာ၏ မူလပိုင်ရှင်ဖြစ်သည့် နိုင်ငံသားများကို လစ်လျူရှုသကဲ့သို့ဖြစ်နေ၍ ပြန်ပြင်သင့်သည်ဟု ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ လူထုဆက်ဆံရေးဌာန တာဝန်ခံ ဦးဂျင်မီက မဇ္ဈိမကို ပြောသည်။

“ဆိုလိုချင်တာက နိုင်ငံရေးမှာ တပ်မတော်ကို ဦးဆောင်ခိုင်းထားတာဟာ အခြေခံမူအရမှာကို ကွဲလွဲနေ တယ်။ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ ဆင်းသက်ရာ အရင်းအမြစ်ဖြစ်တဲ့ ပြည်သူလူထုသာလျှင် နိုင်ငံရေးမှာ ဦးဆောင်သင့်တယ်။ ဒါကိုလည်း ဒီဖွဲ့စည်းပုံမှာ ရေးထားသေးတယ်။ ပြောရရင် စာတစ်မျက်နှာ တည်းမှာကိုပဲ အဲဒီလို ရှေ့နောက်ဆန့်ကျင် ကွဲလွဲမှုတွေက ရှိနေတယ်”ဟု ၎င်းက ရှင်းပြသည်။

ပြည်ထောင်စုလွှတ်တော်၌ ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ဒီဇင် ဘာ ၂၄ ရက်တွင် ပေးပို့ခဲ့သည့် ၈၈ မျိုးဆက်တို့၏ အကြံပြုစာ ထုတ်ပြန်အပြီးတွင် ယင်းသို့ ပြောခြင်းဖြစ် သည်။

အကြံပြုစာ၌ ဖွဲ့စည်းပုံအခြေခံဥပဒေ နိုင်ငံတော်အခြေခံမူများ ပုဒ်မ(၄)တွင် “နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်” ဟု အတိအလင်း ပြဋ္ဌာန်းထားသော်လည်း ယင်းအခြေခံမူနှင့် ကွဲလွဲဆန့်ကျင်သည့် ပြဋ္ဌာန်းချက်များ ပါဝင်နေသည်ဟု ဖော် ပြထားသည်။

လက်ရှိ ဖွဲ့စည်းပုံသည် ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် များ၊ တိုင်းရင်းသားအင်အားစုများ အားလုံး၏ ဆန္ဒမပါဘဲ တစ်ဖက်သတ်ရေးဆွဲ အတည်ပြုခဲ့ခြင်းဖြစ်၍ အားနည်းချက်များရှိနေသည်ဟု ၈၈ တို့က သုံးသပ်ထားသည်။

ထို့ပြင် နိုင်ငံသားများ၏ စစ်မှန်သော ကိုယ်စားပြုမှုဖြင့် ဥပဒေပြု တာဝန်ယူကြမည့် လွှတ်တော်ကိုယ်စား လှယ်များသာ ပြည်ထောင်စုလွှတ်တော်အတွင်းရှိရန် လိုအပ်သည်ဟု အကြံပြုထားသည်။

၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရန် ခက်ခဲစေသည့် ပြဋ္ဌာန်းချက်များသည် ဥပဒေအရ ဖြေရှင်းနိုင်မှုမရှိဘဲ သွေးထွက်သံယိုမှုများ၊ အုံကြွမှုများဖြင့်သာ ပြောင်းလဲနိုင်မည့်အသွင်ရှိ၍ အဆိုပါ ပြဋ္ဌာန်းချက်များကို ပြင် ဆင်ရန် လိုအပ်သည်ဟူသော သဘောထားသည်လည်း အကြံပြုစာတွင် ပါဝင်သည်။

ထို့ကြောင့် လက်ရှိ အခြေခံဥပဒေ လေ့လာသုံးသပ်ရေးဖြစ်စဉ်၊ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးမှုဖြစ်စဉ်၊ ရှစ်လေးလုံး ငွေရတုအခမ်းအနားက ဆုံးဖြတ်ခဲ့သည့် အမျိုးသားအင်အားစုအားလုံးပါဝင်သည့် ညီလာခံ တစ်ရပ်ပေါ်ပေါက်ရေး ကြိုးပမ်းမှုဖြစ်စဉ်များအပေါ် အခြေခံ၍ ဥပဒေကြောင်းအရ ခိုင်မာသည့် ဖွဲ့စည်းပုံ တစ်ခု အတည်ပြုနိုင်ရေး ၀ိုင်းဝန်းကြိုးပမ်းကြရန် အကြံပြုထားသည်။

ထိုသို့ ရှေ့နောက်ကွဲလွဲနေသည့် ပြဋ္ဌာန်းချက်အချို့ကို ဖော်ပြထားသည့် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့၏ အကြံပြုစာကို လွှတ်တော် ပူးပေါင်းကော်မတီအပါအ၀င်၊ ပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်များ အပါအ၀င် နိုင်ငံရေးအင်အားစုများ အားလုံးသို့ တစ်ပြိုင်တည်း ပေးပို့လိုက်ခြင်းဖြစ်သည်။

No comments:

Post a Comment