စိုးသန်းလင်း
ရန်ကုန်-မန္တလေးလမ်းတွင် တစ်နာရီ ၂၅မိုင်နှုန်း၊ မန္တလေး-မြစ်ကြီးနားလမ်းတွင် ၁၉ဒသမ၂၅မိုင်နှုန်း စသဖြင့် လက်ရှိ ပြေးဆွဲနေသော မြန်မာ့မီးရထားများသည် ဂျပန် JICA ၏ ODA ချေးငွေများကို ဆက်လက် ရရှိသွားပါက လာမည့် ၂၀၂၂ တွင် တစ်နာရီ ၆၂မိုင်ခွဲ(ကီလိုမီတာ ၁၀၀)နှုန်းဖြင့် ပြေးဆွဲနိုင်ပြီး ခရီးကြာ ချိန်များလည်း ထက်ဝက်ခန့် လျော့ကျသွားမည်ဟု ရထားဝန်ကြီးဌာန၀န်ကြီး ဦးသန်းဌေးက ပြည်ထောင် စုလွှတ်တော်တွင် ဇန်န၀ါရီ ၂၈ ရက်က ပြောကြားခဲ့သည်။
“စီမံကိန်းတွေပြီးစီးမယ့် ၂၀၂၂ ရောက်ရင် ရထားတွေက တစ်နာရီ ကီလိုမီတာ ၁၀၀နှုန်း ပြေးဆွဲနိုင်မယ်။ ခရီးစဉ်တွေနဲ့ ကြာချိန်တွေကိုလည်း ထက်ဝက်လောက် လျှော့ချနိုင်ပါမယ်။ ရန်ကုန်-တောင်ငူလမ်းပိုင်း မှာ လက်ရှိ ရှစ်နာရီကျော် မောင်းရတာကနေ လေးနာရီကျော်နဲ့ ရောက်နိုင်ပါပြီ။ နောက်ပြီး လက်ရှိလူနဲ့ စက်နဲ့ ထိန်းချုပ်နေရတဲ့ နေရာတွေမှာကွန်ပျူတာနဲ့ ထိန်းချုပ်တဲ့စနစ်တွေပါ ပါရှိလာမှာ ဖြစ်ပါတယ်” ဟု ၀န်ကြီးက လွှတ်တော်သို့ ရှင်းပြခဲ့သည်။
ဂျပန်နိုင်ငံ JICA ကODA ချေးငွေအဖြစ် ထုတ်ချေးမည့် ယန်းငွေ ၆၃ဒသမ၂ ဘီလီယံ ထဲမှ ၂၀ ဘီလီယံ ကို ရထားပို့ဆောင်ရေးအတွက် သုံးစွဲခွင့်ရလာလျှင်၊ ၎င်းမှတစ်ဆင့် ရထားလမ်းပိုင်းရှိ လိုအပ်ချက်၊အထွေ ထွေပြင်ဆင်မှုများ၊ အကြံပေးစရိတ်နှင့် အခွန်အခများ အပါအ၀င် ထပ်မံ လိုအပ်မည့်ငွေများပါ ရရှိလာပါက စီမံကိန်းအပြီး ၂၀၂၂ တွင် ဖြစ်လာနိုင်သည့် အခြေအနေများကို ရည်ညွှန်းလျက် ၎င်းက ပြည်ထောင်စု လွှတ်တော်သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယခုခွင့်ပြုလာမည့် ယန်း၂၀ ဘီလီယံ ကို ရန်ကုန်-မန္တလေးလမ်း ၄၈၅မိုင်ခွဲမှ ရန်ကုန်-တောင်ငူလမ်း ၁၆၆ မိုင်အား ပထမအဆင့်အဖြစ် သတ်မှတ်ကာ ခေတ်မီလမ်းများ၊ စက်ခေါင်းများ၊ တွဲများ ပြင်ဆင် ဖြည့်စွက် သွားမည်ဖြစ်ကြောင်း၊ တစ်ကယ်တမ်းအားဖြင့် အဆိုပါ ၁၆၆ မိုင်ကို အထွေထွေအရပ်ရပ် ပြင်ဆင်မည်ဆို လျှင် ဂျပန်ယန်းငွေ ၆၄ဒသမ၂၆၃ ဘီလီယံ (ဒေါ်လာ ၆၄၇ သန်း) ကုန်ကျမည်ဖြစ်တာကြောင့် ယခုခွင့်ပြု လာမည့် ယန်း ၂၀ ဘီလီယံပင်လျှင် ပထမအဆင့် (ရန်ကုန်-တောင်ငူလမ်းပိုင်း)၏ သုံးပုံတစ်ပုံခန့်အတွက် သာ စတင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် ကျန်သည့်လိုငွေများ ရရှိရေးအတွက် ဆက်လက်ဆောင် ရွက်သွားမည် ဖြစ်ကြောင်းလည်း ဦးသန်းဌေးကဖြည့်စွက် ပြောခဲ့သည်။
လက်ရှိမီးရထား၏ အခြေအနေနှင့် ပတ်သက်ပြီး ၀န်ကြီးက “လက်ရှိမှာမီးရထား လမ်းမိုင်ပေါင်း ၃၇၀၁ ဒသမ ၄၄ မိုင်၊ သံလမ်းမိုင်က ၄၉၃၁ ဒသမ ၉၄မိုင်၊ တံတားစင်းရေက ၁၁၈၁၈စင်း၊ ဘူတာ ပေါင်းက ၉၄၄ ဘူတာ၊ ဒီဇယ်စက်ခေါင်း ၄၀၅လုံး၊ ခရီးရှည်စက်ခေါင်း ၁၆၅ခေါင်း၊ ခရီးတို စက်ခေါင်း ၇၁လုံး၊ လူစီးတွဲ ၁, ၂၉၉တွဲနဲ့ ကုန်တွဲ ၃၃,၇၇တွဲတို့နဲ့ ဆောင်ရွက်နေပါတယ်။ လမ်းပိုင်းတွေဆိုရင် ၅၀ ရာခိုင်နှုန်းလောက်က သက်တမ်းလွန် နေပါပြီ၊ ဒါကြောင့် အားလုံးကို မလွဲမသွေ develop လုပ်ရမယ့် အခြေအနေရောက်နေပါ ပြီ” ဟု ရှင်းပြခဲ့သည်။
သံလမ်းအဆက်များတွင် ဇလီဖားတုံးများ ခေတ်မမီတော့ခြင်း၊ ဆွေးမြည့်ခြင်း၊ ကျောက်ခင်းမပြည့်စုံခြင်း၊ မူလီ ဇာဝီများ အခိုးခံထားရခြင်းများကြောင့် အဆက်နေရာသို့ ရထားဖြတ်တိုင်း ခုန်နေရကြောင်း၊ရန်ကုန်-မန္တလေးလမ်းတွင် ၃၉ပေ အရှည်ရှိသော သံလမ်းအဆက်ပေါင်း ၅၄,၀၀၀ ကျော်ရှိရာ ရန်ကုန်-မန္တလေး ရထားစီးသည့်အခါ အချက်ပေါင်း ၅၄,၀၀၀ အဆောင့်ခံရကြောင်း၊ တွဲများ၊ စက်ခေါင်းများ၏ ထက်ဝက်ခန့် မှာလည်း ခေတ်မမီတော့သည့် သက်တမ်းလွန်များဖြစ်နေကြောင်း၊ ထို့ကြောင့် မီးရထား ၀န်ဆောင်မှုအား မလွဲမသွေ ပြုပြင်ရန် လိုအပ်နေသည့် ယခုအခြေအနေမျိုးတွင် မြန်မာ့မီးရထားအနေဖြင့် တစ်ကြိမ် တစ်ခါ မျှမရခဲ့ဘူးသော၊ အလွန်သက်သာသော အတိုးနှုန်း(၀ ဒသမ ၀၁ရာနှုန်း)ဖြင့် ပေးလာမည့်JICA ၏ ODA ချေးငွေကို ရယူသင့်ပါကြောင်းလည်း မီးရထားဝန်ကြီးက ပြည်ထောင်စုလွှတ်တော်သို့ ပြောကြားခဲ့သည်။
No comments:
Post a Comment