Friday, June 27, 2014

မပြေမလည် ဖြစ်နေတဲ့ တောင်ကုတ်မြို့ဂေါက်ကွင်း လယ်တက်ထွန်ခံရ

နိရဉ္စရာ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့ ဂေါက်ကွင်းပေါ်တွင် မူလလယ်ပိုင်ရှင်(၆)ဦးမှ ဇွန်လ ၂၄ ရက်နေ့က လယ်တက်ထွန်သဖြင့် ပြသနာဖြစ်ပွားခဲ့သည်ဟုသိရသည်။

“ လယ်သမားတွေရဲ့ ရှေ့နေက ဥပဒေကြောင်းအရ ဖြေရှင်းဖို့ တောင်ကုတ်မြို့ဂေါက်ကွင်းကော်မတီကို ဆင့်ခေါ်တယ်ပေါ။ မလာဘူးပေါ့။ ဥပဒေကို ဂရုမစိုက်တဲ့သဘောပေါ့။ သူတို့က ဥပဒေကို မလေးစားရင် ဒီကလည်း ဥပဒေကိုလိုက်နာစရာမလိုဘူးပေါ့။ ဒီတော့ ကိုယ်လယ်ကို ကိုယ်တက်ထွန်ကြပါတယ်။ နံနက်၇ နာရီက စထွန်တယ်” ဟု တောင်ကုတ်မြို့မှ ရခိုင်ပြည်နယ် အန်အယ်လ်ဒီ(စည်း)အဖွဲ့ဝင် ဦးခင်လှက ပြောသည်။

လယ်တက်ထွန်ပြီး များမကြာမီက ရဲတပ်ဖွဲ့ဝင်များနှင့် အတူ ထွေအုပ်အပါအ၀င် သက်ဆိုင်ရာမှ လူကြီးများ၊ မြေစာရင်းဦးစီးမှုး၊ စည်ပင်သာယာရေးကော်မီတီဥက္ကဋ္ဌ တို့မှ ရောက်လာပြီး ပြဿနာကို အေးချမ်းစွာ ဖြေရှင်းကြရန် မေတ္တာရပ်ခံသဖြင့် လယ်သမားများမှ လယ်ထွန်ခြင်းကို ရပ်တန့်လိုက်သည်ဟု သူက ဆိုသည်။

လယ်သမားများထံမှ တစ်စုံတစ်ရာ လျှော်ကြေးမပေးဘဲ သိမ်းဆည်းထားသော လယ်မြေမှာ ကိုင်းရှည်ရွာ အနီးတွင် တည်ရှိပြီး အကျယ်အ၀န်းမှာ ၇၀ ဒဿမ ၄၈ ဧက ရှိပြီး လယ်သမား ၉ ဦးပိုင်ဆိုင်သည်ဟု ဆိုသည်။

ယင်းလယ်မြေများကို ၂၀၀၁ ခုနှစ်က စစ်တပ်က သိမ်းယူခဲ့ပြီး စပါးရိတ်သိမ်းရန် ပြင်ဆင် နေချိန်တွင် လယ်သမားများကို လယ်မြေထဲမှ အတင်းမောင်းထုတ်ခဲ့သည်ဟု လယ်သမား တစ်ဦးကဆိုသည်။

“ လယ်သမားတွေ အနေနဲ့ စပါးရိပ်သိမ်းဆဲ ကာလဖြစ်ပေမယ့် မိမိတို့ရဲ့ လယ်ယာမြေကို စွန့်ခွာခဲ့ကြရပါတယ်။ အဲဒါက ၂၀၀၁ခုနှစ် စပါးရိတ်သိမ်းချိန်မှာ ဖြစ်ပွားခဲ့တာပါ” ဟု ဆိုသည်။

၂၀၁၀ ခုနှစ်နောက်ပိုင်း လက်ရှိ အစိုးရတက်လာသောအခါ လယ်သမား ၉ ယောက်ထဲမှ ၈ဦးက ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းပေးထားသော လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင်သို့ ၎င်းလယ်မြေများကို ပြန်လည် ရလိုကြောင်း တင်ပြ တောင်းဆိုခဲ့သည်ဟု ဆိုသည်။

တောင်ကုတ်မြို့ စကခ (၅) ဋ္ဌာနချုပ်မှ ဗိုလ်မှုး သက်နိုင်ဦးက လွန်ခဲ့သောနှစ် နိုဝင်္ဘာလ ၁၇ ရက်နေ့က လယ်သမားများကို စစ်တပ်သို့ ဖိတ်ခေါ်ပြီး ဂေါက်ကွင်းမြေကို စစ်တပ်က သိမ်းယူထားခြင်း မဟုတ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်ဟု ပြောသည်။

သို့အတွက် ၂၀၁၃ ခုနှစ် စိုက်ပျိုးရေးရာသီတွင် လယ်သမားများ ဂေါက်ကွင်းပေါ်သို့ တက်ရောက်ပြီး လယ်ထွန်ရာ တောင်ကုတ်မြို့ ဂေါက်ကွင်းကော်မတီဝင်များက လာရောက် တားမြစ်ခဲ့သည်။ လယ်သမားများမှာ အားမတန်၍ မာန်လျှော့ခဲ့ကြရသည်ဟု သူက ဆက်ပြောသည်။

၂၀၁၄ ခုနှစ်တွင် ထပ်မံ တက်ရောက်၍ လယ်ထွန်ရာ မြို့နယ် တာဝန်ရှိသူများက ပြေလည်အောင် ဖြေရှင်း ပေးမည်ဟု ဂတိပြုပြောကြားထားသည်ဟု သိရသည်။

ယခု ဖြစ်ပွားနေသော မြေယာပိုင်ဆိုင်မူနှင့် ပတ်သက်ပြီး နှစ်ဘက် အဖွဲ့မှ ယင်းလယ်မြေများနှင့် ပတ်သက်သော စာရွက်စာတန်းများကို တောင်းခံထားပြီး မြို့နယ် မြေယာစီမံခန့်ခွဲရေးကော်မီတီက ဖြေရှင်းရန် စီစဉ်ထားကြောင်း တောင်ကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက ပြောကြားသည်။

“ ကျနော်တို့တော့ နှစ်ဘက်စလုံးကို ပြေပြေလည်လည် ဖြေရှင်းဖို့ မေတ္တာရပ်ခံထားတယ်။ အဲဒီမြေတွေနဲ့ ပတ်သက်တဲ့ စာရွက်စာတန်းတွေကို နှစ်ဘက်စလုံးက တောင်းထားတယ်။ မြို့နယ် မြေယာ စီမံခန့်ခွဲရေး အဖွဲ့ ဖြေရှင်းပေးသွားမယ်။ အကယ်၍ မပြေလည်ဘူးဆိုရင် တရားရုံးတက်ရောက် ဖြေရှင်းကြဖို့ ပြောထားတယ်” ဟု သူက ဆိုသည်။

လယ်သမားများက နောက်ထပ် အချိန် သုံးရက် ပေးထားပြီး သုံးရက်အတွင်း ပြေလည်အောင် မဖြေရှင်းပေးပါက တောင်ကုတ် ဂေါက်ကွင်းကို လယ်မြေအဖြစ် ပြုပြင် ပြောင်းလဲသွားမည် ဖြစ်ကြောင်း အာဏာပိုင်များကို ပြောဆိုထားသည်ဟု သိရသည်။

No comments:

Post a Comment