Friday, June 27, 2014

ကျောက်တော်ကြီးဘုရားအရှေ့ဘက်စောင်းတန်းဆိုင်ခန်းများ ရွေ့ပြောင်းရန်ညှိနှိုင်းမှု အဆင်မပြေ

အောင်ကိုဦး

မန္တလေးတောင်ခြေရှိ ကျောက်တော်ကြီးဘုရား အရှေ့ဘက်စောင်းတန်း ဆိုင်ခန်းများကို အနောက်ဘက်သို့ ရွှေ့ပြောင်းပေးရန် ဇွန်လ ၂၆ ရက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဈေးသည်များနှင့် ညှိနှိုင်းရာ အဆင်မပြေသေးကြောင်းသိရသည်။

"ကျွန်တော်တို့က ဒီနေရာကနေ ဘယ်မှကို မရွှေ့နိုင်ဘူး။ သူတို့အစား ပြန်ဆောက်ပေးတဲ့ နေရာလည်းမလိုချင်ဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ ဘုရားဖူးဆိုတာ အရှေ့ဘက်မုဒ်၊ အပေါက်ကပဲ ဝင်ကြတာလေ။ နိုင်ငံတော်အစိုးရဆီကို စုပေါင်းလက်မှတ်ထိုးပြီး တင်သွာမယ်"ဟု အနှစ် ၃ဝကျော် ဆိုင်ခန်းဖွင့်လာသူ ကိုဝင်းထွေးက မဇ္ဈိမကိုပြောသည်။

ဖယ်ရှားပေးရမည်ဆိုသော အရှေ့ဘက်စောင်းတန်းတွင် ဆိုင်ခန်း ၂၈ ခန်းရှိပြီး ပိုင်ရှင် ၁၁ ဦးရှိသည်။ အဆိုပါ ၁၁ ဦးလုံးသည် မူလနေရာမှာပင် ဆက်လက်ရောင်းချလိုသည်ဟု ဆိုင်ခန်းရှင်များက ဆိုသည်။

"ကျွန်မတို့အားလုံးက လုံးဝကို မပြောင်းချင်တာပါ။ အခုလိုခေါ်ညှိမယ်ဆိုတိုင်း ၁၅ မိနစ်လောက်ပဲ လာပြီး ကြိုပြောတယ်။ ဘယ်တော့မှ ကြိုပြောတာမရှိဘူး။ လာတိုင်းလည်း ဒီကနေဖယ်ပေးဖို့ စဉ်းစားဖို့ ဒါပဲပြောနေတယ်"ဟု ပုတီးနှင့်ဘုရားစာအုပ် ရောင်းသူ အမျိုးသမီးတစ်ဦးက ပြောသည်။

အရှေ့ဘက်စောင်းတန်းတွင်ရောင်းချနေသောဆိုင်ခန်းများအားဖယ်ရှားခြင်းမှာ ဆောက်လုပ်လျက်ရှိသည့် မဟာပဌာန်းသိမ်တော်ကြီးနှင့် ပိဋိကတ်တိုက်တော်တို့ကို ပေါင်းကူး သွားရောက်ရန် စောင်းတန်းတည်ဆောက်မည့်အတွက်ဟု ဘုရားဂေါပက ဥက္ကဋ္ဌ ဦးစိန်မြက ပြောသည်။

No comments:

Post a Comment