Tuesday, July 29, 2014

သဘာဝ အမွေအနှစ်များ ထိန်းသိမ်းရန် အတွက် ဥပဒေ တစ်ရပ် ရေးဆွဲရန် လိုအပ်ဟု ပညာရှင်များ ထောက်ပြ

ဖြိုး

မြန်မာနိုင်ငံတွင် ရှေးနှစ်သန်းပေါင်းများစွာက သဘာဝအလျောက် ဖြစ်တည်နေသည့် အမွေအနှစ်များ ထိန်းသိမ်းနိုင်ရန် ဥပဒေတစ်ရပ် ရေးဆွဲထုတ်ပြန်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း၏ ဒုဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းကပြောသည်။

ဇူလိုင် ၂၆ ရက်က မန္တလေးမြို့တွင် ကျင်းပခဲ့သော ဘူမိဗေဒ အမြင်နှင့် ဧရာဝတီ အတွက် အန္တရာယ်များကို ပညာရှင်များ ရှု့ထောင့် များမှ သုံးသပ်ချက် ဟောပြောပွဲတွင် ပညာရေး တက္ကသိုလ် အငြိမ်းစား ပါမောက္ခ တစ်ဦး ဖြစ်သူ မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း ဒုဥက္ကဋ္ဌ ဒေါက်တာ မြင့်သိန်းက ယင်းသို့ ပြောကြား ခဲ့ခြင်း ဖြစ်သည်။

“သဘာဝတရားကနေ သူ့အလိုအလျောက်ဖြစ်တည်လာတဲ့ သဘာဝပေါ်ကွက်တွေ အမွေအနှစ်တွေကို သူ့သဘာဝ အတိုင်း ရှိနေဖို့ အတွက် ထိန်းသိမ်းရမှာဖြစ်ပါတယ်။ အဲလို ထိန်းသိမ်းဖို့ အတွက် ဥပဒေတစ်ရပ်ရပ် မြန်မာနိုင်ငံမှာ ပေါ်ပေါက် လာဖို့ လိုအပ်လာ ပါပြီ” ဟု ဆိုသည်။

အဆိုပါ အမွေအနှစ်များ အနက် ဧရာဝတီမြစ် သည်လည်း တစ်ခုအပါ အဝင် ဖြစ်ပြီး နှစ်သန်းပေါင်း များစွာက ဖြစ်ပေါ် လာသည့် သတ္တဝါ ကျောက်ဖြစ် ရုပ်ကြွင်းများ၊ ထုံးကျောက် တောင်များ၊ သဘာဝ ပေါ်ကွက်များ ကိုလည်း နိုင်ငံ၏ ပြယုဒ် အဖြစ် ထိန်းသိမ်းရန် လိုအပ်သည်ဟု ဆိုသည်။

“တချို့နယ်တွေ မှာဆို သတ္တဝါ ကျောက်ဖြစ်ရုပ်ကြွင်း တွေကို တရုတ်တွေက ဝယ်တယ် ဆိုလို့ ပိသာချိန်နဲ့တူးပြီး ရောင်းစားနေ ကြတာတွေ ရှိတယ်၊ ဒါတွေက ကျောက်မျက် ရတနာ ထက်တောင် အဖိုးတန် ပါတယ်။ နှစ်နဲ့ချီပြီးမှ ဖြစ်ပေါ်လာတဲ့ သဘာဝ အမွေအနှစ် တွေပါ” ဟု အဆိုပါ အသင်း၏ တွဲဘက် အတွင်းရေးမှုး ဦးကိုကိုလှိုင်က ပြောသည်။

ဧရာဝတီ မြစ်သည် မြန်မာ မြစ်တစ်စင်း ဖြစ်ပြီး ၄င်းနှင့် ပတ်သတ်၍ လှပ ထူးခြားသည့် မြစ်ကျဉ်း ဒေသများကို ထိန်းသိမ်း သွားရမည် ဖြစ်သည်ဟုဆိုသည်။အလားတူပင် ဘူမိဗေဒ ပညာအရ သဘာဝ ပတ်ဝန်းကျင်ကို ကာကွယ် စောင့်ရှောက် နိုင်ရန် အတွက် သဘာဝ အလျောက် ဖြစ်ထားသည့် အဆောက်အအုံ၊ အမွေအနှစ် များကို ထိန်းသိမ်းရန် လိုအပ်ပြီး ၄င်းတို့သည် ဇီဝမှတ်တမ်း များဖြစ်၍ ကုန်ခမ်းသွားပါက နှမြောဖွယ် ကောင်းလှကြောင်း ဒေါက်တာမြင့်သိန်းက ဆိုသည်။

အဆိုပါ အသင်း၏ လေ့လာ တွေ့ရှိချက်များ အရ ပြင်ဦးလွင်မြို့နယ် ပိတ်ချင်းမြောင် အနီး ဝက်ဝံ ဒေသရှိ တောင်ကုန်းသည် နှစ်သန်းပေါင်း ၂၇ဝ ခန့် သက်တမ်းရှိသည့် ထုံးကျောက်တောင် တစ်ခု ဖြစ်ပြီး ၄င်းအတွင်း၌ ကျောက်ဖြစ် ရုပ်ကြွင်း များလည်း ရှိကြောင်းနှင့် ကောလင်းဝန်းသို ဒေသ၊ စစ်ကိုင်း မင်းဝံတောင် အနီးရှိ ပြတ်ရွှေ့ကြော၊ ပြင်ဦးလွင် အတက်လမ်း မိုင်တိုင် ၃၃ မိုင်ရှိ ပိတောက်ချောင်း စသည်တို့တွင် သဘာဝ အမွေအနှစ်များ ရုပ်ကြွင်းများကို ရှာဖွေ တွေ့ရှိရကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ အချက်အလက် များကို ပြုစုကာ သတ္တုတွင်း ဝန်ကြီးဌာနသို့ အကြံပြုလွှာ တင်ထားကြောင်းနှင့် အချို့ ရုပ်ကြွင်းများ ကိုလည်း ရှေးဟောင်း ယဉ်ကျေးမှုနှင့် ဆက်နွယ်သည့် အတွက် အဆိုပါ ဌာနကိုပါ အကြံပြု တင်ပြ သွားရန် အစီအစဉ် ရှိကြောင်း မြန်မာနိုင်ငံ ဘူမိသိပ္ပံ အသင်းမှ သိရသည်။

“ဥပမာ ပြောရရင် သစ်တော ကြိုးဝိုင်းလို သဘောမျိုးပေါ့ အဲလို အမွေအနှစ်တွေ ရှိတဲ့ နေရာတွေမှာ ခြံစည်းရိုး ခတ်ပြီး သတ္တုတွင်း ဝန်ကြီးဌာနက ထိန်းသိမ်းတဲ့ သဘောမျိုးပေါ့” ဟု ဦးကိုကိုလှိုင်က ပြောသည်။

အမေရိကန် နိုင်ငံတွင် ၁၉၉ဝ ခုနှစ် အစောပိုင်း ကာလ ကတည်းက Law of Conservation Natural Monument ကို ရေးဆွဲခဲ့ပြီး ၁၉ဝ၆ ခုနှစ်မှ စတင်ကာ သဘာဝ အမွေအနှစ် များကို ခေတ်အဆက်ဆက် ထိန်းသိမ်းလျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment