Thursday, January 1, 2015

စည်ပင်ရွေးကောက်ပွဲ အမျိုးသမီး အနည်းငယ်သာ အနိုင်ရခဲ့၍ ဝေဖန်

ထက်ထက်အောင်

အုပ်ချုပ်ရေးပိုင်းတွင် အမျိုးသမီးများ ပါဝင်ခွင့်ရမည်ဟု သမ္မတ ဦးသိန်းစိန် ပြောကြားခဲ့သော်လည်း စည်ပင်ရွးကောက်ပွဲ နေရာ ၁၁၅ နေရာအနက် အမျိုးသမီးများ ၁၉ နေရာသာ ရရှိခဲ့ခြင်းသည် ထောက်ပြစရာဟု အမျိုးသမီးအရေး လှုပ်ရှားသည့် ဖန်တီးအိမ် အဖွဲ့ဝင် ဒေါ်ရွှေရွှေစိန်လတ်က ဒီဇင်ဘာ ၃၀ ရက်တွင် ဝေဖန်သည်။

၎င်းက “အုပ်ချုပ်ရေးပိုင်းမှာ အမျိုးသမီးတွေ ပါဝင်ခွင့်ရဖို့ အရေအတွက်တိုးဖို့ သမ္မတကြီးက ပြောခဲ့တယ်။ ဘယ်လောက် ပါဝင်ခွင့်ရမယ်။ ဘယ်လောက် တိုးရမယ်ဆိုတာတော့ မပြောခဲ့ဘူး။ ပြီးတော့ ပါဝင်ခွင့် ရသူတွေကို ဘယ်လောက်လုပ်ပိုင်ခွင့်ရပြီလဲ အပြင်ကိုယ်စားပြုမှု ဘယ်လောက်လဲ ဆိုတာလည်း အရေး ကြီးပါတယ်။ တစ်ယောက် နှစ်ယောက် လောက်ပါရုံနဲ့တော့ ပါဝင်ခွင့်ရ ပြီလို့ သေချာမပြောနိုင်ဘူး” ဟု ပြောသည်။

နိုင်ငံတကာဆက်ဆံရေးပညာဌာနမှ လက်ထောက်ကထိက ဒေါက်တာစိုင်း ခိုင်မျိုးထွန်းက “စည်ပင်ရွေးကောက်ပွဲက အကူးအပြောင်းကို သွားနေတဲ့ မြန်မာ့နိုင်ငံရေးမှာ အမျိုးသမီးတွေအတွက် ပြောင်းလဲမှုဖြစ် မဖြစ်ဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။ နိုင်ငံရေး သဘောတရားအရ ပြောရရင်တော့ အမျိုးသမီးတွေ ပါဝင်လာတာ သိပ်ကောင်းတယ်။ အပြောင်းအလဲကာလမှာ အုပ်ချုပ်ရေးပိုင်းမှာ အမျိုးသမီးတွေ မပါဝင်ဘူး ဆိုရင်တော့ နိုင်ငံရဲ့အပြောင်းအလဲက အားနည်းချက်တွေရှိနေဦးမှာပဲ”ဟု လည်း ထောက်ပြသုံးသပ်ခဲ့ သည်။

ဒီဇင်ဘာ ၂၇ ရက်တွင် ပြုလုပ်ခဲ့သော စည်ပင်ရွေးကောက်ပွဲတွင် စုစုပေါင်း ၁၁၅ နေရာအနက် အမျိုးသမီး ကိုယ်စားလှယ်လောင်း ၃၂ ဦး ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသမီး ၁၉ ဦး ရွေးချယ်ခံခဲ့ရသည်။

No comments:

Post a Comment