Tuesday, November 1, 2016

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမည့် ဒေသများ မသတ်မှတ်ရသေး

စိုးသူအောင်

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေးလမ်းညွှန်များကို နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးပူးတွဲ ကော်မတီ (UPDJC) တွင် အတည်ပြုခဲ့သော်လည်း မည်သည့်အချိန်တွင် မည်သည့်ဒေသများ၌ ကျင်းပသွားမည်ကို မဆုံးဖြတ်ရသေးကြောင်း ချင်းအမျိုးသားတပ်ဦးမှ ဒေါက်တာဆလှိုင်း လျန်မှုန်း က မဇ္စျိမသို့ပြောသည်။

“ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့စည်းတွေကတော့ အခုလာမဲ့ ၁၀ ရက်နေ့ကနေ ၁၅ ရက်နေ့ကျ ဘယ်လိုကျင်းပမယ်ဆိုတဲ့ လုပ်ငန်းကိစ္စကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ အဆင်သင့်ဖြစ်တဲ့ ဒေသအားလုံးမှာ ကျင်းပဖို့ ကျွန်တော်တို့ ဆုံးဖြတ်ထားတယ်။ ကြီးကြပ်ရေး ကော်မတီလည်းဖွဲ့ပြီးပြီ။ ပြီးတော့ ကျင်းပနိုင်တဲ့ လုံခြုံမှုအနေထားလည်း ရှိတယ်။ ရန်ပုံငွေလည်း ရှိတယ်ဆိုလို့ရှိရင် အဲဒီဒေသမှာ ကျင်းပလို့ရတယ် " ဟု ၄င်းက ဆိုသည်။

နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရန် ကြီးကြပ်ရေး ကော်မတီများကို ပြည်နယ်နှင့်တိုင်း ၁၄ခု နှင့် နေပြည် တော်ကောင်စီ အပါအ၀င် စုစုပေါင်း ကြီးကြပ်ရေး ကော်မတီ ၁၅ ခုကို ပြည်နယ်အစိုးရ (သို့) တိုင်းဒေသကြီး အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ ပူးပေါင်းပြီးဖွဲ့စည်းသွားရန်ရှိကြောင်း သိရသည်။

အကြောင်းအရာအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေး၊ မြေယာနှင့် သံယံဇာတ ကော်မတီ ဟူ၍ ခေါင်းစဉ် ၅ခုရှိသည့်အတွက် လုပ်ငန်းကော်မတီ ၅ ခုဖွဲ့စည်းထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆွေးနွေးကြမည်ဖြစ်ကြောင်း အကြိုပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောဆိုထား သည်။

အမျိုးသား အဆင့်နိုင်ငံရေး ဆွေးနွေးပွဲ ရလာဒ်များကို ပြည်ထောင်စု ငြိမ်းချမ်းရေးပူးတွဲကော်မတီ (UPDJC) တွင် ထပ်မံ အတည်ပြုသွားမည်ဖြစ်ပြီး ရရှိလာသည့် အချက်များကို ၆ လတစ်ကြိမ် ပင်လုံညီလာခံတွင် ဆွေးနွေးတင်ပြသွားမည် ဖြစ်သည်။

No comments:

Post a Comment