Tuesday, November 1, 2016

ပုဏ္ဍားကျွန်းမြို့နယ် လူမှုထောက်ပံ့ရေးအသင်းမှ မောင်တောမြောက်ပိုင်းမှ ရွာလေးရွာကို အကူအညီများ သွားရောက် ထောက်ပံ့ကူညီ

နိရဉ္စရာ၊


ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ် လူမှု ကူညီထောက်ပံ့ရေး အသင်းမှ မောင်တောမြို့နယ် မြောက်ပိုင်းသို့ ကျေးရွာ ၄ ရွာသို့ ကိုယ်တိုင်သွားရောက်ပြီး အကူအညီများ ထောက်ပံ့ကူညီခဲ့သည်ဟု သတင်းရရှိသည်။

ပုဏ္ဍားကျွန်းမြို့ ရွှေတောင်တန်းဆရာတော် နာယက အဖြစ် ဦးဆောင်ဖွဲ့စည်းထားသော ပုဏ္ဍားကျွန်းမြို့နယ် လူမှု ကူညီထောက်ပံ့ရေး အသင်းမှ ဆရာတော် ၅ပါး၊ အဖွဲ့ဝင် ၁၀ ဦး ပါဝင်သော အဖွဲ့သည် ယနေ့ ညနေပိုင်းက မောင်တောမြို့နယ် မြောက်ပိုင်းတွင် တည်ရှိသော တရိန်း (ရခိုင်ရွာ)၊ တရိန်း(မြိုရွာ)၊ ရန်အောင်ပြင်နှင့် မင်းကြီးကျေးရွာမှ မိသားစု ၂၄၀ အား သိန်း ၅၀ နီးပါးခန့်ဖိုး ကူညီထောက်ပံ့ပေးခဲ့သည်ဟု ကူညီရေးအဖွဲ့တွင် ကိုယ်တိုပါဝင်သူ ဦးမောင်လှအောင်က နိရဉ္စရာသို့ ဖုန်းဖြင့် ဆက်သွယ်ပြောကြားသည်။

“ မိသားစု တစ်စုကို ဆန်နှစ်တောင်း၊ ငါးခြောက်ပိသာခွဲ၊ ဆီ တစ်ပုလင်း၊ ကျပ် ၅၀၀၀ စီ ထောက်ပံ့ပေးခဲ့ပါတယ်။ စုစုပေါင်း ၄၆ သိန်းဖိုး ဖြစ်ပါတယ်။ ဒီနေ့ညနေ ၅ နာရီက ရွာသားတွေကို လွဲပြောင်း ပေးအပ်ခဲ့ပါတယ်” ဟု ပြောဆိုသည်။

၎င်းပြင် တရိန်း (ရခိုင်ရွာ)၊ တရိန်း(မြိုရွာ)၊ ရန်အောင်ပြင်နှင့် မင်းကြီးကျေးရွာ ၄ ရွာတွင် လူမှုကယ်ဆယ်ရေး အသင်း တစ်ခု ဖြစ်ပေါ်ရေးအတွက် ရွှေတောင်တန်းဆရာတော်မှ ကျပ် ၁ သိန်း၊ ပုဏ္ဍားကျွန်းမြို့နယ် လူမှု ကူညီထောက်ပံ့ရေး အသင်းမှ ကျပ်ငွေ ၅ သိန်း၊ စုစုပေါင်း နောက်ထပ် ကျပ်ငွေ ၆ သိန်း ကူညီထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။

“ တိုင်းရင်းသားကျေးရွာသားတွေ ညီညီညွတ်ညွတ်နဲ့ ရပ်ရွာအရေး၊ ဒေသအရေးတွေကို ချစ်ချစ်ခင်ခင် စည်းလုံးညီညွတ်စွာနဲ့ လုပ်ဆောင်နိုင်အောင် ရည်ရွယ်ပြီးတော့ ကူညီလှူဒါန်းတာ ဖြစ်ပါတယ်။ သူတို့အနေနဲ့လည်း အဖွဲ့အစည်းတစ်ခုကို စနစ်တကျ ဖွဲ့စည်းပြီးတော့ ဒေသအကျိုးကို ဆောင်ရွက်ကြပါလိမ့်မယ်” ဟု ဦးမောင်လှအောင်က ပြောကြားသည်။

အကူအညီများ ပေးအပ်ခဲ့သော ရွာ ၄ ရွာသည် မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်းရွာအနီးတွင် တည်ရှိကြောင်း သိရသည်။

(မေတ္တာရပ်ခံချက်– တစ်ခြား မြို့နယ်များနှင့် အသင်းအဖွဲ့များမှလည်း မောင်တောမြို့နယ်သို့ သွားရောက်ကူညီ ထောက်ပံ့မှုများရှိနေကြပါသည်။ ကျွန်တော်တို့အနေဖြင့် လက်လှမ်းမမှီ၍ အားလုံးအဖွဲ့အစည်းများ၏ သတင်းများကို မတင်ပြနိုင်ဘဲ ဖြစ်နေရပါသဖြင့် ကူညီလှူဒါန်းခဲ့သူများ၊ လှူဒါန်းနေသူများ၊ နောက်လှူဒါန်းမည့် အဖွဲ့အစည်းများအနေဖြင့် ဆက်သွယ်လို့ ရနိုင်မည့် ဖုန်းနံပတ်များကို ၀၉၂၅၀၁၄၂၅၁၈ သို့ ပေးပို့ကြစေလိုပါသည်။)

No comments:

Post a Comment