
ထို့အတွက်ကြောင့်လည်း ဟစ်ဟော့(ပ်)ဂီတကို ရူးသွပ်ကြသော လူငယ်များက ကိုယ့်လမ်းကိုယ်ဖောက်၊ ကိုယ့်စင်ကိုယ်ဆောက်ခဲ့ကြ ရသည်။ ACID အဖွဲ့၏ "စတင်ခြင်း" အယ်လ်ဘမ် မထွက်ခင်ကအထိ ထိုလူငယ်များကို မည်သူမျှ ဆေးဖော်ကြောဖက် မလုပ်ချင်ကြ။ နာမည်ရ စာနယ်ဇင်းသမားတဦး ဆိုပါလျှင် ထိုအဆင့်မရှိသည့် ဂီတကို သူ့အနေဖြင့် ဂျာနယ်စာမျက်နှာများထက်၌ ရေးကြီးခွင်ကျယ် နေရာမပေးနိုင်ကြောင်း လူသိရှင်ကြားပြောခဲ့သည်။
နောက်ပိုင်းကျတော့ နာမည်ကြီး ရက်(ပ်) အဆိုတော်များကို ပရိသတ် စိတ်ဝင်စားနေမှန်းသိ၍ သူ့ဂျာနယ်တွင် အပတ်စဉ် အင်တာဗျူး ထည့်တော့သည်။ ယခင်က တေးစီးရီးထုတ်သည့် ပရိုဂျူဆာများ၊ ရှိုးပွဲစီစဉ်သူများက ထိုဂီတကို မျက်နှာလွှဲခဲပစ်နေကြသော်လည်း ဟစ်ဟော့(ပ်)ဂီတကို ရန်ကုန် အပါအ၀င် မြန်မာနိုင်ငံ၏ လူငယ်ထုက အုံနှင့်ကျင်းနှင့် အားပေးလာကြသောအခါ ပရိုဂျူဆာနှင့် ရှိုးပွဲစီစဉ်သူများက သူတို့နောက်က တကောက်ကောက် လိုက်ကြတော့သည်။
စာပေစိစစ်ရေး အပါအ၀င် အဆင့်ပေါင်းများစွာကို ကျော်ဖြတ်ပြီးမှ မိမိတို့ ဖန်တီးထားသော အနုပညာကို ပြည်သူများကြားထဲ၌ ချပြခွင့်ရကြသည့် မြန်မာအနုပညာရှင်များ၏ ဘ၀၌ Underground Music Scene သည် ဆန်းသည့်ကိစ္စတခုတော့ မဟုတ်ချေ။ ပိုက်ဆံအလျှံပယ်ရှိ၍ ဂီတလောက၌ အခွေထုတ်၍ရလျှင်ပြီးရော၊ မင်းသားမင်းသမီးများ တွဲ၍ရလျှင် သေပျော်ပြီဆိုသည့် စစ်တပ်မှ ဗိုလ်မှူးတဦးဖြစ်သည့် နေပြည်တော်ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ကန်ထရိုက်များ ရထားသည့် နေရဲမာန်တို့လို ပုဂ္ဂိုလ်မျိုးဆိုလျှင်တော့ "အဆင်ပြေရဲ့လား၊ သူဋ္ဌေးသမက်" စသဖြင့် တခွေပြီးတခွေ ထုတ်နိုင်ကြသည်။
အဆိုပါ ပုဂ္ဂိုလ်များ၏ အခြားတဖက်၌လည်း ဂီတကို ၀ါသနာပါ၍ ထွန်းတောက်လာမည့် လူငယ်မျိုးဆက်သစ်များမှာ မိမိတို့ အယ်(လ်)ဘမ်ကို ထုတ်လုပ်ပေးသူ မရှိခင်စပ်ကြား လူငယ်ကြားထဲ ပျံ့နှံ့စေလိုသည့်သဘောဖြင့် Underground အယ်(လ်)ဘမ်များကို ထုတ်ဝေဖြန့်ချိကြသည်။
ထိုသို့သော ကိစ္စမျိုးက Rock Star (Violation In Public) အဖွဲ့ မတိုင်ခင်ကတည်းက ရှိနေသော ကိစ္စများဖြစ်သည်။ Acid "စတင်ခြင်း" မထွက်ခင်ကတည်းက Underground အခွေမှာ ပရိသတ်ကြားထဲရောက်နှင့် နေပြီးဖြစ်သည်။ နောက်တော့ ရသ၊ ကြက်ဖ၊ J-Me ၊ Cyclone ၊ On Track တို့၏ သီချင်းများမှာလည်း ထို့အတူပင်ဖြစ်သည်။
Underground Music Scene နှင့် ပတ်သက်၍ အနည်းငယ် အကျယ်ချဲ့ပြောရလျှင် နှစ်မျိုးရှိသည်။ အချို့က စီစစ်ရေး ဖြတ်တောက်မှုများပြီး ပိတ်ဆို့ရေးမူဝါဒများကို ရှေ့တန်းတင်ထားသည့် စာပေစီစစ်ရေးနှင့် မြန်မာနိုင်ငံ ဂီတအစည်းအရုံးကို ကျော်ဖြတ်ချင်၍ ပြုလုပ်ကြသည်။ ထိုသူတို့၏ တခုတည်းသော ဆန္ဒက သူတို့ရဲ့ ရင်ထဲမှာရှိတဲ့ ဆန္ဒတွေကို ပွင့်အန်ဖောက်ခွဲပစ်လိုက်တာပါပဲ။ တနည်းအားဖြင့်ဆိုရင်တော့ ယဉ်ကျေးမှုဟောင်း၊ စံနစ်ဟောင်း၊ စံသတ်မှတ်ချက်ဟောင်းတွေကို ရင်ထဲမှာ မျိုသိပ်မထားဘဲ ပွင့်ပွင့်လင်းလင်းပြော (J-Me စကားဖြင့်ဆိုလျှင် ပွင့်လင်းစွာပြော) လိုက်ခြင်းပင်။

တခါတလေလည်း အချစ်အကြောင်းကို ဖွဲ့နွဲ့ထားသော သီချင်းများ၊ တခါတလေလည်း "တောင်တောရယ်သာ၊ မာလာကငုံဖူး"၊ တခါလာလည်း "ဆည်ကြီးတွေဆောက်၊ လမ်းတံတားတွေ ဆောက်ပြီးပြီ" ဆိုသည့် သီချင်းများထက် ခေတ်အခြေအနေ တနည်းအားဖြင့် ခေတ်ပြိုင်လူမှုဘ၀၏ တိမ်မြုပ်နေသော၊ တကယ်ဖြစ်ပျက်နေသော အဖြစ်အပျက်များကို ပွင့်ပွင့်လင်းလင်း ပြောထားသော သီချင်းများက ပို၍မကောင်းပေဘူးလား" ဟု တွေးမိကြစေလိုသည်။
နာမည်ကျော် လူဖြူရက်(ပ်) အဆိုတော် Eminem ၏ ဘ၀ကို ပြန်လည်ရိုက်ကူးထားသည့် 8 Miles ဇာတ်ကားကိုကြည့်လျှင် Hip Hop ယဉ်ကျေးမှုမှာ အနှိမ်ခံ၊ အပယ်ခံ၊ အစွန့်ပစ်ခံများကို ကိုယ်စားပြုသည့် ဂီတဆိုသည့်အကြောင်းနှင့် နာမည်ကျော် ရက်(ပ်)ပါ တယောက်ဖြစ်ဖို့ Underground Music Scene ပေါင်း မြောက်မြားစွာကို မည်သို့ဖြတ်ကျော်ခဲ့ရသလဲ၊ မည်သို့သော ပိတ်ဆိုမှုများကို ဖောက်ထွင်းခဲ့ရသလဲ၊ ယဉ်ကျေးမှုဟု မျက်နှာဖုံးစွပ်ထားပြီး ပိတ်ဆို့ရေးဝါဒကို လက်ကိုင်ပြုသူများကို ဘယ်လို ကျော်ဖြတ်ခဲ့ရသလဲဆိုသည်ကို တွေ့နိုင်မည်ဖြစ်သည်။
ဂီတမျိုးဆက်သစ်တခု၏ ဆွေးမြေ့နေသော လူ့အဖွဲ့အစည်းကို ပွင့်အန်ခွဲမှုကို တံဆိပ်ကပ်ရလျှင် ဂန္ထ၀င်ပန်းပုဆရာကြီး ရိုဒင်၏ သင်ကာ (Thinker) အမည်ရှိ ပန်းပုရုပ်ကြီးပင်လျှင် ထိုအထဲ ပါနေချေတော့မည်။
No comments:
Post a Comment