Wednesday, February 4, 2009

ဝ' နှင့် နအဖ ဆက်ဆံရေး တင်းမာနေ

ကိုဝိုင်း

ချင်းမိုင် (မဇ္ဈိမ)။ ။ အပစ်ရပ် ဝ'ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်နှင့် နအဖ စစ်တပ်အကြား ယခုအခါ ဆက်ဆံရေး မပြေမလည် ဖြစ်ပေါ်မှုက ထင်ထင်ရှားရှားပေါ်လွင်နေသည်။

စစ်အစိုးရက ဝ' အပါအဝင် အပစ်ရပ် တိုင်းရင်းသားများထံ သွားရောက်၍ တပ်ပြုပြင်ရေးနှင့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီဖွဲ့ ၀င်ရောက်ရေး ဖိအားတို့ လုပ်နေသလို ၀ ဘက်က ငြင်းဆန်မှုများနှင့် တဖက်သတ် နယ်မြေသတ်မှတ်ခေါ်ဝေါ်ခြင်းတို့ဖြင့် တုံ့ပြန်လာနေသည်။

ဝ'ပြည် သွေးစည်းညီညွတ်ရေးတပ် (UWSA) နှင့် နအဖ အကြား ဆက်ဆံရေး အဖုအထစ်မှာ အခြေခံအားဖြင့် နအဖ ကို မယုံကြည်သည့်အပြင်၊ အပစ်ရပ်များနှင့် ဆက်ဆံရေးပြေပြစ်သည့် စစ်ထောက်လှမ်းရေး ခေါင်းဆောင်နှင့် ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့် ထိန်းသိမ်းခံရသည့် ၂၀၀၄ ခုနှစ် နောက်ပိုင်းမှစ၍ တအိအိနှင့် အဆင်မပြေဖြစ်လာရက ယခုအချိန်တွင် အက်ကြောင်းကြီးလာခြင်းဖြစ်သည်ဟု နှစ်ရှည်လများစွာ စောင့်ကြည့်လေ့လာနေသူများက သုံးသပ်ပြောဆိုသည်။

"အဓိကက ယုံကြည်မှုပေါ့။ မယုံရတဲ့ ထင်ရှားတဲ့ အချက်တွေ ရှိတယ်။ တစ်အချက်က ဗိုလ်ချုပ်ဆေထင်တို့ကို ဖမ်းခဲ့တဲ့ကိစ္စ။ … ရှမ်းပြည်ထဲမှာ။ SSA မြောက်ပိုင်းတပ်ကြီးကို ၈၉ ခုနှစ်မှာ ခေါ်ပြီးတော့ ငြိမ်းချမ်းရေး လက်မှတ်ထိုးလိုက်တယ်။ အဲဒီလို နအဖ ကို ကောင်းမှုပြုခဲ့တဲ့ လူကိုတောင်မှ ဖမ်းချင်သလိုဖမ်းပြီး နှစ်ပေါင်း ရာကျော် ထောင်ချခဲ့တာပဲ" ဟု တရုတ်မြန်မာနယ်စပ်မှ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။

ဗိုလ်ချုပ်ခင်ညွန့်နှင့် ဝ' အပါအဝင် အပစ်ရပ်များအကြား ဆက်ဆံရေးသည် စီးပွားရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းအပေါ် အခြေခံ၍ တစုံတရာ ယုံကြည်မှုရသော်လည်း၊ ထိန်းသိမ်းခံရပြီးနောက် ဝ'နှင့် ဆက်ဆံရေး မပြေလည်လာကြောင်း ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး၏ အထွေထွေ အတွင်းရေးမှူး မိုင်အိုက်ဖုန်းကလည်း ပြောသည်။

"ခင်ညွန့်ပြုတ်တဲ့နောက်ပိုင်းမှာ တော်တော်လေး ပြောင်းလဲတာပေါ့။ တဖက်နဲ့တဖက် ရင်းနှီးမှု နည်းလာတယ်။ ယုံကြည်မှု သိပ်မရှိတော့ဘူး။ ဆွေးနွေးစရာရှိရင် ထိပ်သီးခေါင်းဆောင် မဟုတ်ဘဲနဲ့ သာမန်ခေါင်းဆောင်တွေပဲ လွှတ်တာတွေ ရှိတယ်။ ခင်ညွန့်က ဖွံ့ဖြိုးရေးတွေ အဓိက ဦးစားပေးပြီးတော့ လုပ်တာတွေ၊ နောက် ရင်းရင်းနှီးနှီးနဲ့ နီးနီးကပ်ကပ် ဆက်ဆံတယ်။ လွယ်လွယ်ကူကူနဲ့ သွားလာခွင့်ရတာတို့၊ စီးပွားရေးလုပ်ပိုင်ခွင့် ရှိတာတို့ပေါ့။ ဝ'မှာဆိုရင် ခင်ညွန့်ပုံနဲ့ သူတို့ရဲ့ ဥက္ကဋ္ဌ ပေါက်ယူချန်းပုံ အကြီးကြီးချိတ်ထားတာတောင် ရှိတယ်လေ" ဟု သူက ဆက်ပြောသည်။

ရှမ်းပြည်နယ်အတွင်းမှ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး အခြေအနေများကို ပုံမှန်လေ့လာ ထုတ်ပြန်နေသည့် သျှမ်းသံတော်ဆင့် သတင်းအေဂျင်စီမှ လက်ထောက်အယ်ဒီတာ ဦးစိန်ကြည်က ယခုအဆိုကို သဘောတူသည်။

သူက "ခင်ညွန့်ကို သူတို့က တော်တော် နှမြောတယ်။ သူ့လက်ထက်မှာ ဝ'တွေက စီးပွားရေး အခွင့်အရေး တအားရတယ်ပေါ့။ အခုနောက်တော့ စည်းမျဉ်းစည်းကမ်းတွေ များလာတယ်။ မူးယစ်ဆေးဝါး ကိစ္စတွေဘာတွေနဲ့ ကိုင်ပေါက်တာတွေ ရှိလာတာပေါ့။ ဝ'အဖွဲ့က ခပ်များများကတော့ မူးယစ်ဆေးဝါးပါပဲ။ နောက် တရားမဝင်သစ်လုပ်ငန်းတွေ၊ ဝေရှောက်ခန်းပိုင်တဲ့ ဟုန်ပန်းကုမ္ပဏီကလုပ်တဲ့ ကုမ္ပဏီခွဲတွေ နာမည်အမျိုးမျိုးနဲ့ လုပ်တာရှိတယ်။ ဝ' ခေါင်းဆောင်ပိုင်းတွေနဲ့ တပ်မှူးတွေ ပုဂ္ဂလိက ရှယ်ယာဝင်ကြတာပေါ့။ တချို့ တပ်မဟာ၊ စစ်ဒေသတွေ ရန်ပုံငွေအတွက် ရှယ်ယာထည့်တာလည်း ရှိတယ်" ဟု ပြောသည်။

စစ်အစိုးရများအား လက်နက်ကိုင်တိုက်သည့် လူမျိုးစုအဖွဲ့များကို အပစ်ရပ်ရေးအတွက် ဗိုလ်ချုပ်ခင်ညွန့်က ကြိုးစားနိုင်ခဲ့သည်။ သို့သော် ထောက်လှမ်းရေးအကြီးအကဲဟောင်းအဖမ်းခံရပြီး သူ၏ ယန္တရားဖျက်သိမ်းခံရပြီးနောက် ကျန်ရှိသော သဘောတင်းမာသည့် ဗိုလ်ချုပ်များသည် ယခင်က သဘောတူညီမှုများကို ချိုးဖောက်ရန် ကြိုးစားလာကြသည်။

၂၀၀၈ မေလ ဖွဲ့စည်းပုံအသစ် ဆန္ဒခံယူပွဲကာလ ဝ'ဒေသ၌ ကန့်ကွက်မဲအများစုထည့်ခဲ့ခြင်း၊ ယခုနှစ်ဆန်းပိုင်းက ဝ'အဖွဲ့သည် နအဖ က သတ်မှတ်ပေးသော ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၂) အမည်အစား မြန်မာနိုင်ငံတော် ဝ' ပြည်နယ် အစိုးရ အထူးအုပ်ချုပ်ရေးဒေသအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ခြင်းတို့သည် နှစ်ဖက်တင်းမာလာသည့် လတ်တလော အကြောင်းတရပ်ဖြစ်သည်။

"တောင်ပိုင်းကနေ မြောက်ပိုင်းရွှေ့ခိုင်းတဲ့ကိစ္စက ခင်ညွန့်ခေတ်ကတည်းက လုပ်ခဲ့တာ။ ခင်ညွန့်ပြုတ်တော့ နအဖ က ဝ' တွေကို တစုတစည်းတည်း ဖြစ်နေဖို့ဆိုပြီး ပြန်ပြောင်းခိုင်းတာ။ ဒါပေမဲ့ ဝ' က လုံးဝ လက်မခံဘူး။ ရွှေ့တုန်းက ထောင်နဲ့ချီပြီး အသက်ဆုံးထားတာ။ အခုဆိုရင် အများကြီး ရင်းနှီးမြှုပ်နှံမှု လုပ်ထားတယ်။ အမှန်က ဝ' တွေက တောင်ပိုင်းမှာ ခုမှ မဟုတ်ပါဘူး။ ၁၉၈၃-၈၄ ကတည်းက ရှိနေပြီ'' ဟု မိုင်းအိုက်ဖုန်းက ပြောသည်။

၂၀၀၈ နှစ်ဦးမှစ၍ ဝ' အဖွဲ့၏ ဗဟို ပန်ဆန်း၊ မြောက်ပိုင်း ရှမ်းအပစ်ရပ်အဖွဲ့ (SSA-N) ၊ မိုင်းလားအဖွဲ့၊ ကချင်အဖွဲ့ စသည့် အပစ်ရပ်ဌာနချုပ်များသို့ နအဖကိုယ်စားလှယ်များ လှည့်လည်သွားလာခဲ့သည့်အပြင် ယခုအခါ ဝ' အဖွဲ့မှ ဝေရှောက်ယင်၊ ဝေရှောက်ခန်းတို့ ဦးစီးသည့် (၁၇၁) စစ်ဒေသဖြစ်သော ထိုင်းနယ်စပ်တလျှောက်မှ မိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယောင်းတို့ ပါဝင်သော တောင်ပိုင်း ဝ'ကို မြောက်ပိုင်းနှင့် ခွဲထုတ်ရန် တိုင်းမှူးနှင့် ဗျူဟာမှူးများက ကြိုးစားနေကြောင်း ဦးစိန်ကြည်က ပြောသည်။

"သူတို့ (တောင်ပိုင်း ဝ') ကို နယ်ခြားကာကွယ်ရေး တပ်ဖွဲ့ပုံစံမျိုးလုပ်ဖို့ လေသံပစ်နေတယ်။ တောင်နဲ့ မြောက်ကို ခွဲမှာ။ ဖိအားပေးတယ်။ မက်လုံးပေးတယ်။ အကြောင်းရင်းက အမျိုးမျိုးရှိနိုင်တယ်ဗျ။ ဝ'ထဲမှာက စီးပွားရေးသမား၊ စစ်ရေးသမား၊ တရုတ်ဂိုဏ်း၊ ဝ'ဂိုဏ်း၊ ပညာတတ် မျိုးချစ်ပြည်ချစ် ဝ'လူငယ်၊ ရိုးရိုး ဦးဆွေးဆံမြေ့ သစ္စာခံ ဝ' စစ်သား အမျိုးမျိုး ရှိနေတာကိုး။ ခြုံပြီးပြောရရင် ဝ'ကတော့ တလျှောက်လုံးက နိုင်ငံရးထက် စီးပွားရေးနဲ့ စစ်ရေးကို ပိုပြီး အားသန်လာတယ်လေ။ အနှစ် ၂၀ အပစ်ရပ်ပြီး နောက်ပိုင်းပေါ့" ဟု သူက ပြောသည်။

ဦးအောင်ကျော်ဇောက မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းသည်လည်း ဆက်ဆံရေး အဆင်မပြေရသည့် အကြောင်းရင်းတခု ဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့် အပစ်ရပ်အဖွဲ့များက ဗိုလ်ချုပ်ခင်ညွန့်နှင့် သဘောတူထားသည့် အချက်များကိုသာ ယနေ့အထိ ကိုင်ဆွဲထားကြကြောင်း ပြောသည်။

သူက "ညီလာခံ မတိုင်မီ သူတို့အားလုံး ဗိုလ်ခင်ညွန့်နဲ့တွေ့ပြီး အခုထိ ဗိုလ်ခင်ညွန့်ပြောခဲ့တဲ့ စကားအားလုံးကို ကိုင်ထားတယ်။ ဗိုလ်ခင်ညွန့်က ခင်ဗျားတို့ရဲ့ ဒေသ၊ အလံနဲ့ တပ်ကို ကျနော်တို့ အသိအမှတ်ပြုပါတယ်။ အလံဆိုတာ ပါတီပေါ့၊ နိုင်ငံရေး ရပ်တည်ချက်ပေါ့။ ကျနော်တို့ လုပ်ပေးနိုင်တဲ့ ကိစ္စကတော့ ဒေသဖွံ့ဖြိုးရေးပဲ။ ကျန်တဲ့ နိုင်ငံရေးကိစ္စ၊ ဒေသကိစ္စတွေကို နောင်တက်မယ့် အစိုးရနဲ့ ဆွေးနွေးပါဆိုပြီး ပြောထားတာ။ ဒီနေ့ ကြားဖြတ် တပ်မတော် အစိုးရကနေ ခပ်တည်တည်နဲ့ အမျိုးသားညီလာခံနဲ့ ဖွဲ့စည်းပုံကို ရေးဆွဲတယ်။ အခု တူညီနေတဲ့ တောင်းဆိုချက်က ဘာလဲဆိုတော့ ဖွဲ့စည်းပုံကို ပြင်ပေးဖို့။ အဲဒီဟာကို စစ်တပ်က လုပ်မပေးနိုင်ဘူး" ဟု သူက ပြောသည်။

အကယ်၍ နအဖ က ဝ' အပါအဝင် အပစ်ရပ်များကို ရွေးကောက်ပွဲဝင်ရေး၊ လက်နက်ဖျက်သိမ်းရေး အကျပ်ကိုင်လာပါက ဝ' အနေဖြင့် ပြန်ခုခံရန် အဆင်သင့်ရှိနေသည်ဟု အကဲခတ်များကပြောရာ နအဖ တပ်များက နယ်မြေအရ သိမ်းပိုက်နိုင်သော်လည်း ၀'လူထုနှင့် ၀'တပ်ဖွဲ့မှာ စုစည်းညီညွတ်မှုရှိသဖြင့် ဖြိုဖျက်ရန်တော့ လွယ်ကူလှမည်မဟုတ်။

အပစ်ရပ်များထဲမှ ဝ'သည် လက်နက်ချရန် (သို့) လက်နက်အပ်ရန် အလားအလာမရှိခြင်းမှာ လက်နက်အသိမ်းခံ (သို့) စွန့်ခဲ့သည့် ပလောင်ပြည် လွတ်မြောက်ရေးအဖွဲ့ (PSLO) နှင့် ဗိုလ်ချုပ်ဆေထင်တို့၏ ဥပမာများက လက်ရှိ မြန်မာနိုင်ငံသမိုင်းကြောင်းတွင် လက်နက်နှင့် အာဏာ ဒွန်တွဲနေကြောင်း သက်သေပြနေသောကြောင့်ဟု သူတို့က သုံးသပ်သည်။

သို့သော် ဝ' အဖွဲ့တွင်လည်း မတူကွဲပြားသည့် အစုအဖွဲ့လေးများ ရှိနေသဖြင့် နအဖ နှင့် ဝ' ဆက်ဆံရေးတွင် မည်သူက အားသာ၍၊ မည်သူက အားနည်းသွားမည်ကိုမူ စောင့်ကြည့်နေရပေဦးတော့မည်။

No comments: