
၁၉၉ဝ ပြည့်နှစ်ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရပြီးမှ စစ်အစိုးရက အသိအမှတ်ပြုတာ ငြင်းပယ်ခြင်းခံရတဲ့ အမျိုးသား ဒီမိုကရေ စီအဖွဲ့ချုပ်က ဒီကိစ္စကို စကားထဲတောင် ထည့်အပြောမခံပါဘူး။ ပြည်ပရောက် အင်အားစုတွေထဲမှာ တချို့က ရွေးကောက်ပွဲကို အသိ အမှတ်မပြုဘူးလို့ ကြေညာနေကြသလို တချို့ကတော့လည်း “နှစ်ခါခေါ်မှ” ဆိုတာမျိုး ညိုမြလုပ်နေကြပါတယ်။ ပြည်တွင်းမှာလည်း နအဖက အသံလေးပေး လိုက်တာနဲ့ ချို(ဂျို) ကြွနေကြ သူတွေဟာ ရွေးကောက်ပွဲဝင်ရေးစီမံကိန်းတွေကို ပြောင်ကြေညာ လုပ်ကိုင်နေကြ ပါပြီ။ တချို့ကတော့လည်း ရွေးကောက်ပွဲဥပဒေ ထွက်မလာသေးလို့ဆိုပြီး လည်ပင်းကိုးတောင်ကျော် မျှော်တော်ယောင် လုပ်နေကြ ပါတယ်။ ဒါ့အပြင် ပြည်တွင်းရောပြည်ပမှာပါ နအဖကတောင် မောင်မောင်မခေါ်သေးဘူး ‘ဗျာ’ ထူးပြီးနေပြီ ဆိုတဲ့လူမျိုးတွေလည်း မနည်းဘူး တွေ့နေရပါတယ်။
ပြောရရင် ဒီမျှော်တော်ယောင်လုပ်နေသူတွေအဖို့တော့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဘာမှပြဿနာမရှိပါဘူး။ သူတို့အဖို့ သူတို့လိုချင်တဲ့ အမတ်နေရာလေး တခုနှစ်ခုကိစ္စပဲ အရေးကြီးပါတယ်။ တပြည်လုံး ဘာဖြစ်သွားမလဲ ဆိုတာ အရေးမကြီးပါဘူး။ တချို့ကဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်မပါတဲ့ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင် တွေဟာ နအဖဘက်ရဲ့ အမတ်လောင်းနဲ့ ယှဉ်ပြိုင် အရွေးခံသူ ဘယ်သူ့ကိုမဆို မဲပေးမှာပဲ။ ဒါကြောင့် နိုင်ဖို့ အလားအလာ အများကြီးရှိတယ်လို့ ကိုယ့်ကိုယ်ကိုယ် တွက်ကြဟန်တူပါတယ်။ ဒါကြောင့် သူတို့တတွေက တက်ကြွနေကြတာပါ။ ဒါပေမယ့် ၂ဝဝ၈ ဖွဲ့စည်းပုံကို အခြေခံကျကျ ဆန့်ကျင်သူတွေကျတော့ နအဖရဲ့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တကယ့်ပြဿနာကြီး ဖြစ်နေပါတယ်။
စစ်ဗိုလ်ချုပ်တွေက သေနတ်ပြပြီး မဲထည့်ခိုင်းထားတဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိဒါန်းကနေ နောက်ဆုံး အခန်း (၁၅) အထိ ပြဿနာတွေ ဒင်းကြမ်းပဲဖြစ်ပါတယ်။ နိဒါန်းတခုလုံးရဲ့ အနှစ်သာရဟာ သူတို့ရဲ့ “အမျိုးသားညီလာခံ” ဆိုတာကြီးက ချမှတ်တဲ့ အခြေခံမူတွေ၊ အသေးစိတ်မူတွေကို အတင်းလက်ခံခိုင်းပြီး “ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ” ရလဒ်ကို အတည်ပြုပေးပါတယ်လို့ အတင်းလက်ခံ သဘောတူခိုင်းတာပဲဖြစ်ပါတယ်။ တနည်းပြောရရင် သူတို့ကြိုက်တဲ့ လူတွေနဲ့ ကြိုက်သလိုလုပ်ခဲ့ကြတဲ့ “အမျိုးသားညီလာခံ” ဆိုတာကြီးကိုပါ အသိအမှတ်ပြုခိုင်းတာ ဖြစ်ပါတယ်။
ဒီဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခန်း (၁၄) မှာကျတော့ နဝတ-နအဖ အာဏာရစစ်ဗိုလ်ချုပ်တွေက မာရှယ်လော ခေတ်မှာ တတိုင်းပြည်လုံး ဗြောင်းဆန်အောင် သူတို့လုပ်ချင်တိုင်း လုပ်ခဲ့သမျှကို သင်ပုန်းချေ၊ လွတ်ငြိမ်းခွင့် ပေးထားတာဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ထုတ်ပြန်ခဲ့တဲ့ ဥပဒေအမိန့်တွေကိုလည်း ဆက်လက်အတည်ပြု လက်ခံသွားရမယ်လို့ တောင်းဆိုထားပါတယ်။ ဒါက ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ထိပ်နဲ့ဘိတ်ကိုသာ အလွယ်မြင်သာအောင် ထောက်ပြထားတာဖြစ်ပါတယ်။ တကယ်ကျတော့ ဒီဥပဒေတခုလုံး၊ တအုပ်လုံး၊ အခန်းတိုင်းကို သေချာကြည့်လိုက်ရင် ဗမာပြည်မှာ စစ်အာဏာရှင်စနစ် တည်မြဲနေရေးအတွက် ရေးထားတာ ချည့်ဖြစ်ပါတယ်။

နောက်တွေ့နေရတာတခုက ဒီရွေးကောက်ပွဲအကြောင်းကိုပဲပြောပြီး လူတွေကို ဒီကိစ္စထဲမှာပဲနစ်နေ၊ အာရုံမျောနေ အောင်လုပ်တာပါပဲ။ အဓိကလုပ်ရမယ့် နအဖဆန့်ကျင်ရေးကွန်ရက်တည်ဆောက်ရေး၊ တက်ကြွသူဖော်ထုတ်ရေး၊ ကွန်ရက်တွေချိတ်ဆက်ရေး စတဲ့လုပ်ငန်းတွေကို ဘေးချပြီး ဒီရွေးကောက်ပွဲကိစ္စကိုပဲ ရေးကြီးခွန်းကျယ်၊ တကယ့်နိုင်ငံရေးလုပ်ငန်းကြီးလို ဖြစ်အောင် တမင်လုပ်နေသူတွေ ရှိနေပါတယ်။ သူတို့ဟာ နအဖက ခိုင်းလို့များ လုပ်နေတာလားလို့တောင် စဉ်းစားစရာဖြစ်ပါတယ်။ တချို့ကဆိုရင် ဒါဟာ နောက်ဆုံးရထား မမီလိုက်မရှိစေနဲ့လို့ လက်ယပ်ခေါ်လို့များတောင် နေပါတယ်။
အခုအချိန်အထိ နအဖစစ်အစိုးရက ရွေးကောက်ပွဲဥပဒေ၊ ပါတီထူထောင်ခွင့်ဥပဒေ စတာတွေနဲ့ ပတ်သက်လို့ ဘာမှမပြောသေးတာဟာ သူတို့စစ်တပ်ထဲက ဘယ်သူတွေကို ဘာတာဝန်ယူခိုင်းရမယ်၊ ဘာပါတီနာမည်ခံခိုင်းရမယ်၊ ဘယ်ဒေသမှာ အမတ်ဝင်ရွေးခိုင်းရမယ်၊ ဘာဝန်ကြီးလုပ်ရမယ် စတဲ့ နေရာချထားမှုတွေ မပြီးပြတ်သေးလို့သာ ဖြစ်ပါတယ်။ သူတို့အနေနဲ့ တပ်တွင်းရော၊ တပ်ပြင်ပါ အများကြီး ကုလားဖန်ထိုးရအုန်းမှာဖြစ်ပါတယ်။ ဒီတခါ ကျင်းပမယ့် လေးလပတ်အစည်းအဝေးမှာတောင်မှ ပြတ်ပါ့မလား မသိပါဘူး။ ဒါမျိုးဟာ အဝေမတည့်ရင်တသက်လုံး မပြေနိုင်တဲ့ရန်ညှိုးဖြစ်သွားနိုင်တယ်၊ ဂိုဏ်းဂဏကြီးတွေ ဖြစ်သွားနိုင်တယ်ဆိုတာ အာဏာရှင်စစ်ဗိုလ်ချုပ်တွေ အသိဆုံးပဲဖြစ်ပါတယ်။
နအဖစစ်အစိုးရဟာ ဒီရွေးကောက်ပွဲကို လာရောက်စစ်ဆေးနိုင်ပါတယ်လို့ “အင်မတန်သဘောထားကြီးစွာ” ပြောနေတာ၊ ပြည်တွင်းပြည်ပရှိ ဗမာနိုင်ငံသားတွေ၊ အပစ်အခတ်ရပ်စဲရေးအဖွဲ့တွေအပါကို ရွေးကောက်ပွဲဝင်ဖို့ တိုက်တွန်းနေတာ စတာတွေကို ထောက်ရင် ဒင်းတို့တတွေ ဒီရွေးကောက်ပွဲအပေါ်မှာ မျှော်လင့်ချက် အများကြီး ထားတယ်ဆိုတာကို တွေ့နိုင်ပါမယ်။ သူတို့အနေနဲ့ ဒီရွေးကောက်ပွဲကို ဖြတ်သန်းလိုက်တာနဲ့ သူတို့ရဲ့စစ်အာဏာရှင် အစိုးရဟာ နတ်ရေကန်ထဲခုန်ချလိုက်သလို နိုင်ငံတကာအသိုင်းအဝိုင်းထဲမှာ ဝင်ဆံ့တဲ့ အရပ်သားအစိုးရတရပ် ဖြစ်သွားမယ်လို့ ယူဆနေပါတယ်။ ဒါ့အပြင် သူတို့လူတွေသာ နေရာများများအနိုင်ရလိုက်လို့ကတော့ ဗိုလ်သန်းရွှေ တို့တတွေက “သားရွှေအိုး ထမ်းလာတာတွေ့ရတယ်” လို့ ယူဆသွားမှာပါ။

အတိုက်အခံတွေထဲမှာ ဒီရွေးကောက်ပွဲအကြောင်းပြပြီး ကတ္တီပါလမ်းခွဲဖြစ်သွားတာ၊ ကျောခိုင်းကြတာ၊ ဒါမှမဟုတ် မိတ်ဆွေအဖြစ်ကနေ ရန်သူဖြစ်သွားတာမျိုးတောင် ဖြစ်လာနိုင်ပါတယ်။ တချို့လက်နက်ကိုင် အင်အားစုတွေထဲမှာ တောင်မှ ဒါမျိုးတွေကို မကြာမကြာတွေ့နေရပါတယ်။ တကယ်တော့ ရဲဘော်ရဲဘက်ချင်း၊ မိတ်ဆွေချင်း၊ ဘယ်သူမှ အဲဒီလိုမဖြစ်ချင်ကြပါဘူး။ ဒါပေမယ့် ဒီသမိုင်းတကွေ့ဟာ ဗမာပြည်နိုင်ငံရေးမှာ ထူးခြားတဲ့အကွေ့ကြီးတခု မဟုတ်ပါလား။
No comments:
Post a Comment