တလောလေးကပဲ ပထမကမ္ဘာစစ်ပြီးဆုံးတာ အနှစ် (၉ဝ) မြောက်တဲ့ အခမ်းအနားများကို ဥရောပအနှံ့အပြားမှာ ခမ်းခမ်းနားနား ကျင်းပခဲ့ကြတာတွေ့ရပါတယ်။ ဗြိတိသျှဘုရင်မကြီးအပါအဝင် နိုင်ငံအများအပြားက ထိပ်သီးတွေ တက်ရောက်ကြပါတယ်။ ဒါပေမယ့် လူ့အသက်ပေါင်း (၈၇) သိန်းကျော် ချုပ်ငြိမ်းစေခဲ့တဲ့ ဒီစစ်ပွဲကြီး ပြီးသွားတာကြာပြီဖြစ်လို့လားမသိ၊
ဒီအခမ်းအနားမှာရော၊ ဒီကာလအတွင်း မီဒီယာတွေမှာရော ဒီစစ်ကြီးပေါက်ဖွားလာပုံ၊ အဆုံးသတ်သွားပုံတွေနဲ့ပတ်သက်လို့ သိပ်မပြောကြတော့ပါဘူး။ ပြောရတာများလို့ မောသွားကြတာလား၊ သဗ္ဗေသတ္တာအဝေရာဟောန္တုပဲ လုပ်လိုက်ကြတာလား မပြောတတ်ပါ။ ဒီနေရာမှာတော့ အဲဒီအထဲက မမေ့သင့်တဲ့ သင်ခန်းစာတခုကို ပြန်ထောက်ပြချင်ပါတယ်။

ပထမကမ္ဘာစစ် ဘယ်လိုအဆုံးသတ်ခဲ့တယ်ဆိုတာကို ပြန်စဉ်းစားကြည့်ပါ။ စစ်ရှုံးသူဂျာမဏီအပေါ်မှာ ဗာဆိုင်းစာချုပ်- The Treaty of Versailles (၂၈-၆-၁၉) ၊ လော်ဇန်းစာချုပ် The Treaty of Lausanne (၂၄-၇-၂၃ ခု)၊ စိန့်ဂျာမိန်းစာချုပ် The Treaty of St. Germain (၁ဝ-၉-၁၉) စတဲ့စာချုပ်တွေ အများကြီးချုပ်ဆိုပြီး စစ်ရှုံးသူတွေကို ဖိထားခဲ့တာဖြစ်ပါတယ်။ ဗာဆိုင်း စာချုပ်ကိုဆိုရင် ဗြိတိန်နိုင်ငံကတောင်မှ ဂျာမဏီအပေါ်မှာတောင်းဆိုတာ သိပ်ပြင်းထန်လွန်းတယ်လို့ ပြောခဲ့ပါတယ်။ ဒီစာချုပ် ကြောင့်မို့ ဂျာမဏီနိုင်ငံဟာ စစ်မဖြစ်မီကရှိခဲ့တဲ့ သူ့နယ်မြေဧရိယာရဲ့ (၁၃.၅) ရာခိုင်နှုန်း (လူဦးရေ ၇ သန်း) ကို ဆုံးရှုံးသွားခဲ့ပါတယ်။ နောက်ပြီး ပြည်ပမှာရှိတဲ့ သူတို့ကိုလိုနီတွေ အားလုံးကိုလည်း လက်လွှတ်လိုက်ရပါတယ်။ တခါ တူရကီဟာဆိုရင်လည်း လော်ဇန်းစာချုပ်ကြောင့် သူ့ရဲ့ အော်တိုမန်အင်ပါယာဆိုတာကို လုံးဝလက်လွှတ်လိုက်ရပြီး နယ်မြေတွေ အများကြီးဆုံးရှုံးသွားပါတယ်။ ဟက်ဘ်စဘဂ်အင်ပါယာ (Habsburg empire) ကို ဆုံးရှုံးလက်လွှတ်လိုက်ရတဲ့ သြစထရီးယားနိုင်ငံဟာလည်း သူ့နဂိုဒေသတွေ ခွဲထုတ်ပေးပစ်ရ၊ သူ့တပ်ကို (၃) သောင်းအထိ လျှော့ချရ စသဖြင့် တသက်အခဲမကျေစရာတွေ ခံစားခဲ့ရပါတယ်။
ဒီလိုမတရားတဖက်သတ်ကျတဲ့ စစ်ပြေငြိမ်းစာချုပ်တွေကြောင့်မို့ ဒုတိယကမ္ဘာစစ်ကြီး ပေါ်ပေါက်တယ်ဆိုတာကို ကမ္ဘာ့သမိုင်း ပညာရှင်တွေနဲ့ စွယ်စုံကျမ်းအတော်များများကပဲ အသိအမှတ်ပြုကြပါတယ်။ မတရားအချုပ်ချယ်ခံခဲ့ရတဲ့ နိုင်ငံတွေမှာ အမျိုးသားရေးစိတ်ဓာတ်နဲ့ လူထုကို စည်းရုံးလို့အကောင်းဆုံးလည်း ဖြစ်ခဲ့ပါတယ်။ စစ်ပွဲကြီးတပွဲပြီးတယ်ဆိုတိုင်း ငြိမ်းချမ်းရေးအတွက် အာမခံချက် ရတာမဟုတ်ကြောင်း ဒီခေတ်လူသားတွေကို ဒီသမိုင်းက ဖော်ပြနေပါတယ်။ နောက်ပြီး ပဋိပက္ခတွေကို တဖက်သတ်ဖြေရှင်းတဲ့နည်းနဲ့ ဖြေရှင်းလို့မရကြောင်းလည်း သင်ခန်းစာယူသင့်ပါတယ်။
ဒါနဲ့တဆက်တည်း၊ မကြာသေးမီကမှ ပြီးဆုံးသွားတဲ့ စစ်အေးစစ်ပွဲကိစ္စကိုလည်း ပြန်စဉ်းစားစရာသင့်ပါတယ်။ စစ်အေးစစ်ပွဲ ဆိုတာကြီးဟာ သေနတ်သံတချက်မကြားရဘဲ ပြီးသွားတယ်လို့ ပြောရင်ရပါတယ်။ ဘယ်လိုစစ်ပြေငြိမ်းစာချုပ်၊ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးတာတွေမရှိဘဲ သိန်းနဲ့ချီတဲ့ ဝါဆောစာချုပ်တပ်ဖွဲ့ဆိုတဲ့ ဧရာမစစ်တပ်တွေလည်း ပျောက်ကွယ်သွားပါတယ်။ ဒါပေမယ့် အဲဒီလိုဖြစ်သွားတဲ့အတွက် အဲဒီဒေသတွေမှာ တကယ်တမ်းငြိမ်းချမ်းရေးရခဲ့ပါသလား။ မနည်းလှတဲ့ နိုင်ငံတွေမှာ ဒုတိယကမ္ဘာစစ် ပြီးတဲ့နောက် အကြီးမားဆုံးပြိုကွဲမှုတွေနဲ့ ပထမဆုံးသေနတ်သံတွေ ပြန်ကြားလာရတယ် မဟုတ်ပါလား။ ပြောရရင် ဝါဆောစစ်အုပ်စု မရှိတော့တဲ့အတွက် နေတိုးစစ်အုပ်ရဲ့ တည်ရှိမှုဟာလည်း အဓိပ္ပာယ်မရှိတော့ပါဘူး။ တရားအရဆိုရင် သူလည်း တဖြည်းဖြည်း ပျောက်ကွယ်ရတော့မှာပါ။ ဒါပေမယ့် အခုတော့ အဲဒီလိုမဟုတ်ဘဲ နေတိုးကိုတိုးချဲ့လာလိုက်တာ ရုရှားနဲ့နယ်စပ်ချင်း ကပ်နေတဲ့ နိုင်ငံတွေကိုတောင် ရောက်လာပါပြီ။ ဒီလိုနဲ့ ပူတင်တို့ဘက်ကလည်း အခုအခါ အမျိုးသားရေးကြွေးကြော်သံတွေကိုတင်ပြီး စစ်အင်အားတိုးချဲ့တာ၊ ဖြည့်ဆည်းတာတွေ လုပ်လာလို့ ဒုတိယစစ်အေးစစ်ပွဲကို ပြန်ရောက်လာအုန်းမှာလားလို့ တွေးစရာ၊ မေးစရာဖြစ်လာနေပါတယ်။ တပါတည်း ဗမာပြည်နိုင်ငံရေးရဲ့ အခုနောက်ဆုံးဖြစ်ပေါ်မှုတွေဟာ အဲဒီမပေါ်ပေါက်သေးတဲ့ ဒုတိယစစ်အေးစစ်ပွဲနဲ့များ ဆက်နေသလားလို့တောင် တွေးစရာဖြစ်လာနေတယ်မဟုတ်ပါလား။
ကမ္ဘာစစ်တခုပြီးတော့ နောက်ကမ္ဘာစစ်တခု။ စစ်အေးစစ်ပွဲတခုပြီးတော့ နောက်စစ်အေးစစ်ပွဲတခု။
ဒီလိုပါပဲ။ သမိုင်းမှာ တဖက်စီးနင်းဆုံးဖြတ်ခဲ့၊ လုပ်ကိုင်ခဲ့တာတွေဟာ တကယ်တမ်းပြီးပြတ်သွားတာ မဟုတ်ပါဘူး။ တန်ပြန်တဲ့ အကျိုးဆက်တွေနဲ့ ကြုံရတတ်ပါတယ်။ ဒီကနေ့ ဗမာနိုင်ငံမှာ ဒီနေ့ဖြစ်ပျက်နေတာတွေကိုကြည့်ပြီး အရာရာကို နအဖစစ်အုပ်စုက ထင်သလို ခြယ်လှယ်လုပ်ကိုင်နိုင်နေပြီ၊ နအဖစစ်အစိုးရဟာ သင်္ခါရတရားနဲ့ကင်းလွတ်နေသူတွေဖြစ်တယ်၊ ကျန်တဲ့တနိုင်ငံလုံး၊ ပြည်သူတရပ်လုံးဟာ သူတို့ပေးသနားတဲ့ စပေ့စ်လေးထဲမှာပဲ လှုပ်ရှားကြပေတော့လို့ဆိုပြီး ၂ဝ၁ဝ ရွေးကောက်ပွဲကို တခုတည်းသော တလမ်းသွားလမ်းကြောင်းလို ပြောသူတွေက ပြောနေကြပါတယ်။ ဒီလိုအနေအထား အောက်မှာ နအဖဗိုလ်ချုပ်တွေဟာလည်း နေမြင့်လေအရူးရင့်လေဆိုသလို အဲဒီလိုမြှောက်ပြောတာတွေကို နားထောင်ရင်း စိတ်ကြီးဝင်သထက်ဝင်၊ အတိုက်အခံတွေကို ရှိတယ်လို့တောင်မှ သဘောမထားဘဲ လုပ်ချင်တာလုပ်နေကြပါတယ်။
၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ ပြည်သူတွေက တခဲနက်မဲပေးထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရန်ကုန်မှာသာ တမြို့တည်းမှာသာ ဆိုင်းဘုတ်တင်ခွင့်ပေး၊ သူတို့ကိုဖားနေတဲ့ “ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်” ဆိုတဲ့ အဖွဲ့လိုဟာတွေကိုတော့ တိတ်တိတ်ထောက်ပံ့ကြေးတွေပေးပြီး တပြည်လုံးမှာ လှုပ်ရှားခိုင်းထားပါတယ်။ ဒီလိုပဲ ဗမာပြည်နိုင်ငံရေးမှာ ဘုရားကားအောက် မျောက်ကားအထက် ဖြစ်နေတာကြာပါပြီ။
စစ်အာဏာရှင်တွေရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့နီးလာလေလေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရွေးကောက်ပွဲမဝင်ရင် ဖျက် သိမ်းပစ်မယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲမှာ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ချက်ကျပြီးပြီ စတဲ့ကောလာဟလတွေ အကျယ် အပြန့် ကြားလာရပါတယ်။ ဘယ်သူကလွှင့်တယ်ဆိုတာတော့ မသိရပါဘူး။ ဒါပေမယ့် ကြက်တူရွေးထက်ကဲနေတဲ့ မယ်ဘော်တွေကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းပစ်ခံချင်သလားလို့တောင် မောက်မောက်မာမာ၊ မိုက်မိုက်ရိုင်းရိုင်းတွေ ရေးနေကြပါတယ်။ သူတို့အနေနဲ့ ဒီလိုရေးလိုက်ခြင်းအားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း မခြောက်လှန့်နိုင်ဘူး၊ ပြည်သူလူထုကိုလည်း မျက်စိလည်အောင်မလုပ်နိုင်ဘူးဆိုတာ သူတို့သိပါတယ်။ တကယ်က ဆရာလုပ်တာအကျင့်ပါနေတဲ့ သူတို့ဟာ နအဖစစ်ဗိုလ်ချုပ်တွေကို “ချလိုက်ပါတော့လား” ဆိုတာမျိုး အကြံပေးတိုက်တွန်းနေတာသာ ဖြစ်ပါတယ်။
အထက်မှရေးခဲ့သလိုပဲ သမိုင်းဆိုတာ အသာစီးရနေတုန်း တဖက်သတ်လုပ်ခဲ့တာတွေနဲ့ချည်း ပြီးသွားတာမဟုတ်ပါဘူး။ တန်ပြန်ကိစ္စတွေ ပေါ်ထွက်လာနိုင်ပါတယ်။ တန်ပြန်တယ်ဆိုရင် ပိုတောင်ပြင်းထန်၊ ပိုတောင်သဲသန်တတ်တယ်ဆိုတာကိုလည်း မမေ့သင့်ပါဘူး။
No comments:
Post a Comment