Saturday, January 8, 2011

ချင်းမိုင်ရုက္ခစိုးနှင့် ချိတ်ဝတ် မာမီများ

ရန်ကုန်သားတာတေ

နေပြည်တော်ရှိ လွတ်လပ်ရေးနေ့ အလံတင် အခန်းအနားကြီး ဖိတ်ဖိတ် လက်နေသည်။ ရောက်ရှိသွားသော ဦးရုက္ခစိုးပင် နတ်ဖြစ်လျက်နှင့် အရောင်မှိန်သွား သောကြောင့် အားငယ်သွား၏။

ချိုကုပ်။ ။ ဟိုင်း … ဦးရုက္ခစိုး … ရောက်လာပြီလား။ ဒီကို သက်သက်ပဲလား။ ခင်ဗျားရဲ့ဘော်ဒါ ငရှုပ်တွေ မပါဘူးလား။

ရုက္ခစိုး။ ။ နေရာတကာ ခေါ်မသွားနိုင်ပါဘူးဗျာ။ ဆီဈေးတွေက ကြီးကကြီးနဲ့။ ဒီတော့ ဆီမလိုတဲ့ကျုပ်ပဲ လာလိုက် တယ်လေ။ ကျုပ်ကတော့ ဒီကိုသက်သက်ပါပဲ။ လွတ်လပ်ရေးနေ့မှာ ဘာတွေများ လုပ်နေသလဲ လာကြည့်တာပါ။

ချိုကုပ်။ ။ အခု အလံတင်မယ်။ ညကျ ညစာစားပွဲ ကျင်းပမယ်။ ဒါပဲလေဗျာ။

ရုက္ခစိုး။ ။ လွတ်လပ်ရေးနေ့မှာ ခင်ဗျားရဲ့ ချိုကုပ်တွေကြည့်ရတာ မလွတ်မလပ် ဖြစ်နေသလားလို့။ တခုခုများ လွဲနေလား ချိုကုပ်ဒူးကြီး။

ချိုကုပ်။ ။ မလွဲပါဘူး ဦးရုက္ခစိုးရယ်။ အရပ်သားအစိုးရ အဖြစ် လျှောက်လှမ်းမယ့် အနာဂတ်နိုင်ငံတော်သစ်ကြီးဆီ ချီတက်ဖို့ အရပ်သား ဖြစ်ဖို့လိုတယ်မဟုတ်လား။ ဒါကြောင့် အရပ်သားအဖြစ် ကျင့်ခိုင်းနေတာ။ နည်းနည်းတော့ စနိုးစနောင့်နိုင်တာပေါ့။


ချိုကုပ်ဒူးကြီးစကားပင် မဆုံးသေး ချိုကုပ်တယောက် ကျွတ်နေသော ပုဆိုးကို စွန်တောင်ဆွဲကာ လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရသည်။ ထို ချိုကုပ်မှာ အားလုံးက ၈ လုံးဟု သိထားသော ဦးသီဟ ကိုယ်ရ တင်ပြောင် မြင်းပြူး ဖြစ်နေသည်။

ချိုကုပ်။ ။ ဟဲ့ … ၈ လုံး … ဘယ်လိုဖြစ်လာတာလဲ။ ပုဆိုးမနိုင် ပုဝါမနိုင်နဲ့။

၈ လုံး။ ။ မနိုင်ဆို ဒါမျိုးကြီးကို တခါပဲ ဝတ်ဖူးသေးတာလေ ချိုကုပ်ဒူးကြီးရဲ့။ အခန်းအနားမစခင် အိမ်သာသွားမလို့ ထလိုက်တာ ဘေးက ကိုယ်ရ ရွှေပန်းက ပုဆိုးစတက်နင်းလိုက်လို့ ကျွတ်သွားတာ။ အခု ပြန်မဝတ်တတ်တော့ဘူး။

ပြောပြောဆိုဆိုနှင့် ၈ လုံးမှာ ပုဆိုးကို ကွင်းသိုင်းပြီး အိမ်သာရှိရာသို့ ဆောင့်ကြီးအောင့်ကြီးနှင့် ဆက်လက် ထွက်ခွာ သွားလေသည်။

ချိုကုပ်။ ။ ဒီ ရွှေပန်းတော့ကွာ … နရင်း ၂ ချက်လောက်တီးပြီး ရာထူးချဦးမှနဲ့တူတယ်။

ရုက္ခစိုး။ ။ နေပါဦး ချိုကုပ်ဒူးကြီးရဲ့ … ချိုပြုတ်တွေအကုန်လုံး ဝတ်ထားလိုက်ကြတာ … ကြိုးကြီးချိတ်တွေ ချည်းပဲ။ ဘယ်လိုဖြစ်တာလဲ။ ကျုပ်တောင် အရောင်နည်းနည်း မှိန်သွားသလိုပဲ။

ချိုကုပ်။ ။ ပုဆိုးဝတ်တယ် ဆိုတာကတော့ အရပ်သားအစိုးရဆိုတာကို လူမြင်ကောင်းအောင် လုပ်တာပေါ့ဗျာ။ ကြိုးကြီးချိတ် ဝတ်ခိုင်းရတာကတော့ ယတြာချေတာရယ်၊ ဒေါ်လာဈေးကျလို့ရယ် ...။

ရုက္ခစိုး။ ။ ရှင်းစမ်းပါဦး ချိုကုပ်ဒူးကြီးရယ်။

ချိုကုပ်။ ။ ကြိုးကြီးချိတ် ဆိုတာ တနင်္လာနံတွေချည်းပဲ မဟုတ်လား။ ကျုပ်ရဲ့ ချစ်ဇနီး နှမတော်လေး ကွိုင်ကွိုင် ဆိုတာလည်း တနင်္လာနံ … ဟုတ်တယ်နော်။ ကွိုင်ကွိုင်က ၂၀၁၁ နှစ်ဆန်းမှာ အသက်အန္တရာယ် ရှိတယ်လို့ ဗေဒင်က ဟောထားတယ်လေ။ အဲဒါ ကွိုင်ကွိုင့် အနေနဲ့ခါးဝတ်ပုဆိုးလို အသက်နဲ့ ခန္တာမြဲစေဖို့ အတွက် တနင်္လာနံ ကြိုးကြီးချိတ်ကို ပုဆိုးလုပ် ဝတ်ခိုင်းတာဗျား။

ရုက္ခစိုး။ ။ အခုနက ၈ လုံး ပုဆိုးကျွတ်သွားတယ်ဆိုတော့ ဘယ်လိုလုပ်မလဲ။

ချိုကုပ်။ ။ အဲဒါကြောင့် ပြောနေရတာ။ ရွှေပန်းကို ရာထူးချပါမယ်လို့။ ဒီလောက် အရေးကြီးတဲ့ ကိစ္စကို ပေါ့တီး ပေါ့ဆ လုပ်နေတယ်။ ရတော့ရပါတယ်။ ၈ လုံးက ပြန်ဝတ်မှာပါ။

ထိုစဉ် ၈ လုံးမှာ အိမ်သာမှနေ၍ လှုပ်လီလှုပ်လဲ့နှင့် ပြန်လျှောက်လာသည်ကို တွေ့လိုက်ရသည်။ ကြိုးကြီးချိတ်ကို ပုဆိုးလို မဝတ်ဘဲ ထဘီဝတ်သကဲ့သို့ ဝတ်ထားလေ၏။ သူတို့ ရှေ့မှ အဖြတ်တွင် ၈ လုံးက “ပုဆိုး မဝတ်တတ်လို့ မိန်းမကို ပြန်ဝတ် ခိုင်းတာ … သူက ဒီလိုပဲ ဝတ်တတ်တယ်ဆိုပြီး ဝတ်ပေးလိုက်တယ်လေ … သွား … လူဆိုးကြီး” ဟု ပြော၍ ချိုကုပ်ဒူးကြီးကို မျက်စောင်း ထိုးပြသွားကာ ကနွဲ့ကလျ ဆက်လျှောက်သွားသည်။

ချိုကုပ်။ ။ အင်း ဘယ်လိုပဲဖြစ်ဖြစ် ကျွတ်မနေဖို့က လိုရင်းပဲလေ။ ဝတ်တတ်သလို ဝတ်ပါစေ။

ရုက္ခစိုး။ ။ ချိုကုပ်ဒူးကြီးဝတ်ခိုင်းတဲ့ ကြိုးကြီးချိတ်တွေကလည်း ထဘီဆင်တွေချည်းပါပဲလား။ အရောင်တွေကလည်း မိန်းမ ဆင်တွေ။

ချိုကုပ်။ ။ ဒါလား … ဒါက တချက်ခုတ် နှစ်ချက်ပြတ် ယတြာလေ။ ဗေဒင်က ဟောတယ်ဗျာ … တိုင်းပြည်မှာ ထဘီဝတ်သူ အုပ်စိုးမယ်တဲ့ … အဲဒါကြောင့် ချိုပြုတ်တွေကို ထဘီတွေ ဆင်ပေးလိုက်တာပဲ။

ရုက္ခစိုး။ ။ ကဲပါဗျာ။ ခုနက ပြောတဲ့ထဲမှာ ဒေါ်လာဈေးကျလို့ ကြိုးကြီးချိတ် ဝတ်ရတယ်လို့ ခင်ဗျား ပြောသွားတယ်။ အဲဒါကကော။

ချိုကုပ်။ ။ ဒါကတော့ ချိုကုပ်တွေအားလုံးရဲ့ စိတ်ကူးလည်းပါတယ် ဦးရုက္ခစိုးရဲ့ ...။ ဒေါ်လာဈေးက ကျတော့ ပို့ကုန် လုပ်ငန်းတွေ အကုန် အရှုံးပေါ်ကုန်တယ်။ ဒီလုပ်ငန်းတွေ ပိုင်ဆိုင်တာကလည်း ချိုကုပ်တွေ ချိုပြုတ်တွေချည်းပဲ မဟုတ်လား … အကုန်အရှုံးပေါ်တော့ လုပ်ငန်းလေးဘာလေး ပြောင်းလုပ်ချင်ကြတယ်။ အဲဒီလို ပြောင်းလုပ်တဲ့အခါ အဆင်ပြေအောင်လို့ အခုလို ကြိုးကြီးချိတ် အဆင်ဆန်းတွေ ဝတ်ကြတာ။

ထိုစဉ်သူတို့ ရှိရာသို့ ချိုပြုတ်တယောက် နွဲ့နွဲ့နှောင်းနှောင်း လျှောက်လာပြန်သည်။ ထို ချိုပြုတ်မှာ ကြိုးကြီးချိတ် ပန်းဆီရောင် တောက်တောက်ကို ဝတ်ထားသည်။ “ချိုကုပ်ဒူးကြီး … အလံတင်တော့မယ်တဲ့ … ဂယ်ပဲ … သူများကိုပဲ သွားခေါ်ခိုင်း နေတာပဲ။ ခု လာခဲ့ပါတဲ့ … အဟင့် … လူဆိုးကြီး … လာခဲ့နော်” ဟု ထိုချိုပြုတ်က ပြောကာ ဦးရုက္ခစိုးကို မျက်စိတဖက် မှိတ်ပြ၍ ထွက်သွားသည်။

ရုက္ခစိုး။ ။ ဒီချိုပြုတ်တွေက ဘယ်လိုအလုပ်တွေများ ပြောင်းလုပ်မှာ မို့လို့လဲ ချိုကုပ်ဒူးကြီးရဲ့။ ရင်တုန်စရာကြီးပါလား။

ချိုကုပ်။ ။ သြော် ဦးရုက္ခစိုးရယ်။ ဒီချိုကုပ်တွေ ချိုပြုတ်တွေ က ဘာစီးပွားရေး နားလည်မှာ မို့လို့လဲ။ တေဂွတို့လို စီးပွားရေးသမားတွေ ရှာပေးတာကို ထိုင်းစားနေကြတဲ့ဟာ။ အခု ဒေါ်လာဈေးကကျ၊ စုထားတဲ့ ရွှေတွေ ထုတ်ရောင်းမယ်ဆိုပြန်တော့လည်း ဈေးကကျနဲ့ … ဘာမှမလုပ်တတ်တော့ … ထိုင်းက ဂေးဘားတွေကို သွားပြီး စီးပွားရှာမယ်တဲ့။ အဲဒါ သူတို့ကို ဟိုက ခေါ်ချင်အောင် ကြိုးကြီးချိတ် အဆင်ဆန်းလေးတွေ ဝတ်ပြထားတာလေ။

ရုက္ခစိုး။ ။ ဟင် … ဒီ ချိုကုပ် ရုပ်ကြမ်းကြီးတွေ အကုန်လုံး သွားမှာလား။ ဘုရားဘုရား ထိုင်းတော့ စီးပွားပျက်ကပ် ဆိုက်တော့မယ်ထင်တယ်။

ချိုကုပ်။ ။ အကုန်လုံးတော့ ဘယ်လွှတ်လို့ ဖြစ်ပါ့မလဲ ဦးရုက္ခစိုးရယ် … လွှတ်တော်ထဲကို ၁၆၆ ယောက် ဝင်ခိုင်းထားတာ ရှိသေးတယ်။ သူတို့ကိုတော့ နေခဲ့ခိုင်းရမှာပေါ့။

ရုက္ခစိုး။ ။ ချိုကုပ်တွေကို လွှတ်တော်ထဲ ဝင်ခိုင်းမယ်ဆိုတော့ … တော်တော်လေး နိုင်ငံရေး ကျွမ်းကျင်တဲ့ သူတွေ ဖြစ်မှာပေါ့နော်။

ချိုကုပ်။ ။ နိုင်ငံရေးကတော့ ဘာကျွမ်းသလဲ မမေးနဲ့ … စာလုံးတောင် ဘယ်လိုပေါင်းရလဲ သိတဲ့ကောင်တွေ မဟုတ် ပါဘူးဗျာ။ သူတို့ကို တပတ်အပြတ် သင်တန်းပေးပြီး လွှတ်တော်ထဲ သွားခိုင်းရမှာ။

ရုက္ခစိုး။ ။ တပတ်ထဲသင်မယ် ဟုတ်လား။ ဆယ်တန်း ကလေးတွေ အနီးကပ် ကျူရှင် တက်ရင်တောင် အနည်းဆုံး တလလောက်တော့ သင်ရတာ မဟုတ်ဘူးလား။

ချိုကုပ်။ ။ လွယ်ပါတယ် ဦးရုက္ခစိုးရယ်။ မြန်မာပြည်က ပါမောက္ခအဆင့်တောင် တလလောက်နဲ့ ကျောင်းဆင်းတာ … ချိုကုပ်တွေ နိုင်ငံရေး လုပ်ဖို့က တပတ်ဆိုတာတောင် များသေးတယ်။

ရုက္ခစိုး။ ။ တပတ်နဲ့ ဘာတွေ သင်မှာလဲဗျ။

ချိုကုပ်။ ။ ပုဆိုးဝတ်နည်းက တရက်၊ လူကွယ်ပြီး အိပ်ငိုက်နည်းက တရက်၊ ပါတီ ကိုယ်စားလှယ်တွေ ပြောသမျှ သိသိ မသိသိ ဖင်ပိတ်ငြင်းနည်းက တရက်၊ ကွန်ပျူတာ ဖွင့်နည်း ပိတ်နည်းက တရက်၊ ကျန်တဲ့ သုံးရက်ကတော့ နိုင်ငံရေး ဆိုတာရယ် ဒီမိုကရေစီ ဆိုတာရယ် စာလုံးပေါင်း တတ်ဖို့၊ တို့ တာဝန်အရေးသုံးပါးတို့၊ သူ့တာဝန် အရေးသုံးပါးတို့ကို အလွတ်ရွတ်တတ်အောင် ကျက်ဖို့ … ဒါပဲလေ။ တပတ်က များတောင် များနေသေးတယ် မဟုတ်ဘူးလား။

ထိုစဉ် အလံတင်အခမ်းအနား ကျင်းပပြီး အလံကို အလေးပြုကြသည် ...။ ပြီးသွားသည်နှင့် ကြိုးကြီးချိတ်ဝတ် ချိုကုပ်များမှာ ဦးရုက္ခစိုးနားသို့ သူ့ထက်ငါ ဝိုင်းလာကြလေသည် ...။

ချိုကုပ်။ ။ ဟဲ့ဟဲ့ … ဘာလုပ်ကြတာလဲ … ဘာလုပ်ကြမလို့လဲ … ဦးရုက္ခစိုးကြီး အသက်ရှူကျပ် နေပါ့မယ်။

ချိုကုပ်ဒူးကြီးပြောသည်ကို တယောက်မှ ဂရုမစိုက်ကြဘဲ ဦးရုက္ခစိုးကြီး၏ ခြေများလက်များကို ဆွဲကိုင်က အသီးသီး တောင်းပန်နေကြသည် …။

ကြိုးကြီးချိတ် ခရမ်းရောင်ဝတ် ချိုကုပ်တယောက်က ချိုကုပ်ဒူးကြီးဘက်သို့ လှည့်၍ “များတို့ … ဒီက ဦးရုက္ခစိုးကြီးနဲ့ ထိုင်းနိုင်ငံ လိုက်သွားမလို့လေ။ သူနဲ့ဆို ဗီဇာလည်း မလိုဘူး၊ လေယာဉ်လည်း စီးစရာမလိုဘူးဆိုတော့ များတို့ထဲက နိုင်သလောက် ခေါ်သွားခိုင်းမလို့ ...။ နော် … ဦးရုက္ခစိုးကြီး များတို့ကို ခေါ်သွားပါနော်” ဟု ပြောလိုက်သည်။

နောက်တယောက်ကလည်း “ဟုတ်တယ် များတို့ကို ခေါ်သွားပေးပါ။ ဟိုရောက်ရင် ဦးရုက္ခစိုးကို ဒုက္ခ မပေးပါဘူး။ များတို့ဘာသာ များတို့ လုပ်စားပါ့မယ်” ဟု ပြောပြန်သည်။

အဖြစ်မှန်ကို သိသွားသော ဦးရုက္ခစိုးကြီးမှာ ဤ အခမ်းအနားသို့ ဆတ်ဆော့စွာ လာမိသော ကိုယ့်ကိုယ်ကိုယ် ကြိမ်ဆဲရင်း ကြိုးကြီးချိတ်ဝတ် ချိုကုပ်များကြားမှ အမြန်ဆုံးအလျင်ဖြင့် ကိုယ်ရောင်ဖျောက်ကာ ထွက်ပြေးရလေတော့သတည်း။

No comments: