သျှမ်းသံတော်ဆင့်
နအဖစစ်အစိုးရ ဆန့်ကျင်ရေး စာရွက်များဖြန့်ဝေသည့် ပိုစတာ ကမ်ပိန်းတစ်ခုကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၌ ပြည်တွင်းအခြေစိုက် ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ AKSU မှ ဦးဆောင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားမြို့၌ ယနေ့ကျရောက်သည့် ၆၃ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ မနောပွဲ ကျင်းပနေချိန်တွင် အချက် ၄ ချက် ရေးထားသော စာရွက်များကို မြို့အနှံ့ ဖြန့်ဝေခဲ့ကြောင်း လှုပ်ရှားမှုတွင် ကိုယ်တိုင် ပါဝင်သူ ကချင်လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“ဒီကနေ့မှာပဲ ကမ်ပိန်း လုပ်ပါတယ် အချက် ၄ ချက်ကို အေဖိုးဆိုဒ်စာရွက်မှာ ကွန်ပြူတာစာစီပြီး မြို့အနှံ့ပေါ့နော်။ ရပ်ကွက်တွေ ကျေးရွာတွေ မှာ ဖြန့်တယ် ကပ်တယ် လမ်းပေါ်တွေမှာ ကျဲချတယ် စာရွက်ပေါင်း ၅၀၀ ကျော်လောက်ပေါ့ နော်” ဟု သူက ပြောသည်။
၎င်းအချက် ၄ ချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အလိုမရှိ ၊ မြစ်ဆုံရေကာတာစီမံကိန်း အလိုမရှိ ၊ နိုင်ငံရေး အကျဉ်း သားများ ချက်ခြင်းလွှတ်နှင့် နအဖစစ်အစိုးရ ကျဆုံးပါစေ ဆိုသည့် အချက်များဖြစ်ကြောင်း သိရသည်။
ယခုနှစ် ကချင်ပြည်နယ်နေ့ မနောပွဲကို ကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့များ ဦးဆောင်ခွင့်မရပဲ မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်က ဦးဆောင်ကျင်းပ နေရာ ကချင်လူငယ်များက မကျေမနပ်ဖြစ်လျက်ရှိပြီး လုံခြုံရေးတင်းကြပ်ထားချိန်တွင် ရွေးချယ်ပြုလုပ်ခြင်းဖြစ်ကြောင်း သူကဆိုသည်။
“ဒီမနောပွဲဖွင့်ပွဲနဲ့တစ်ပြိုင်တည်းလုပ်သလဲ ဆိုတော့ မနောပွဲနေ့မှာ အတွင်းရော ၊ အပြင်ရော လုံခြုံအထူး တင်းကြပ်ထားတဲ့ အချိန်မှာသူတို့ကို ဆန့်ကျင်တဲ့အထိမ်းအမှတ်အနေနဲ့ အခုလိုလုပ်ခြင်းဖြစ်ပါတယ် ဒီနှစ် မနောပွဲဟာအရင်ကလို မဟုတ်ပဲသူတို့ကဦးဆောင်လုပ်နေ တဲ့အတွက် ကချင်လူငယ်တွေရဲ့ စိတ်ထဲမှာ မကျေမနပ်ဖြစ်နေပါတယ်” ဟု ဆိုသည်။
မြို့ခံများက ကချင်လူငယ်များ၏ ယခုလုပ်ဆောင်ချက်အပေါ် ကြိုဆိုကြောင်း သူကဆက်ပြောရာတွင် “လမ်းပေါ်တွေမှာ စာရွက်တွေအခုထိ ကျန်နေသေးပါတယ် ဒီစာရွက်ကို တချို့တွေက ကောက်ပြီး ဖတ်တယ် နိုင်ငံရေး လုပ်တဲ့ လူငယ်တွေ ရှိတယ်ဆိုတာသိရတော့ လူတွေက ၀မ်းသာကြတာပေါ့ တချို့ မိဘတွေကလည်း ကချင်လူငယ်တွေ နိုင်ငံရေး မသိတော့ဘူး လို့ ထင်ကြတာဆိုတော့” ဟု ဆိုသည်။
ယခင်နှစ်များအတွင်းကလည်း ကချင်ပြည်နယ်မြောက်ဖျားပိုင်း ဧရာဝတီမြစ်ပေါ်တွင် တည်ဆောက်နေသည့် မြစ်ဆုံရေကာ တာ စီမံကိန်းကို ကန့်ကွက်သည့် ကမ်ပိန်းများမကြာခဏပြုလုပ်ခဲ့ပြီး ယခုကမ်ပိန်းသည် ၂၀၁၁ ခုနှစ်တွင် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment