
တိုင်းရင်းသား လက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် မြန်မာအစိုးရတပ်တို့ ကရင်ပြည်နယ်အတွင်း ယမန်နေ့ညက တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြ၀တီမြို့၊ သေဘောဘိုး ကျေးရွာ အနီး တပ်စွဲထားသော ခြေမြန်တပ်ရင်းအမှတ် ၂၀၄ တပ်ဖွဲ့ဝင်များက နယ်မြေ ရှင်းလင်းရေး အတွက် လှုပ်ရှားစဉ် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ အစိုးရတပ်ဘက်တွင် ထိခိုက်ကျဆုံးမှု ရှိကြောင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ မှ ဗိုလ်မှူး စန်းအောင်က ဧရာဝတီကို ပြောသည်။
ပူးပေါင်းအဖွဲ့တွင် DKBA နှင့်အတူ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)တို့မှ တပ်ဖွဲ့ဝင်များ၊ ဇိုမီးနှင့် ရခိုင် တိုင်းရင်းသား တပ်ဖွဲ့ဝင် တချို့ပါဝင်ကြောင်း သူက ပြောသည်။
တိုက်ပွဲသတင်းနှင့် ပတ်သက်ပြီး သီးခြား အတည် ပြုချက် မရရှိသေးပေ။
ယနေ့ နောက်ဆုံး သတင်းအရ အင်အား ၄၀ ခန့်ရှိသည့် အစိုးရ စစ်ကြောင်း တကြောင်း ယင်း ဒေသသို့ လာနေသည်ဟု ဗိုလ်မှူးစန်းအောင်က ဆိုသည်။
“တကယ်လို့ သူတို့ အရှောင်အကွင်း မကောင်းရင်တော့ တိုက်ပွဲဟာ ကြီးကြီးမားမား ထပ်ဖြစ်ဖို့ ရှိတယ်၊ ကျနော်တို့ဘက်ကလည်း တပ်တွေ ဖြန့်ပြီး သွားနေတဲ့ လမ်းကြောင်းတွေကနေ လိုက်ပြီး ပိတ်ဆို့တာ၊ စောင့်ပစ်တာတို့ ရတဲ့နည်းနဲ့ တိုက်ဖို့ ပြင် ဆင်ထားတယ်” ဟု သူက ပြောသည်။
DKBA ဗိုလ်မှူး ကျော်သက် ဦးဆောင်သော တပ်ဖွဲ့၊ KNU ဗိုလ်မှူး ဖောဒို ဦးဆောင်သော တပ်ဖွဲ့တို့သည် အစိုးရတပ်နှင့် ယနေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ကျရောက်ခဲ့သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် တရက်တာ အပစ်ရပ်ကြရန် KNU က ကမ်းလှမ်းသော်လည်း အစိုးရစစ်တပ်က အကြောင်းပြန်ကြားခြင်း မရှိဘဲ လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့သည်။
မြ၀တီ ခရိုင်၊ မယ်ပလဲ့ကျေးရွာ အခြေစိုက် ခြေမြန်တပ်ရင်း အမှတ် ၃၅၇ နှင့် နယ်ခြားစောင့်တပ် အမှတ် ၁၀၁၇ တို့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
KNU ၏ အမှတ် ၇ တပ်မဟာမှူး ဗိုလ်မှူးချုပ် ဂျော်နီက “ဘားအံခရိုင်ထဲမှာ ရှိတဲ့ ထီးလောသေနဲ့ ထီးဝါးပလောကျေး နယ်တွေ ကို လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ကျနော်တို့ ဘက်ကတော့ လုံးဝ ပြန်ပစ်တာတွေ မလုပ်ခဲ့ဘူး” ဟု ထို့နေ့က ဧရာဝတီသို့ ပြောပြခဲ့သည်။
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် သေနတ်သံတိတ်ရန် ကမ်းလှမ်းခဲ့ခြင်းမှာ ရေရှည်ငြိမ်းချမ်းရေး ပေါ်ထွန်းရန် ရည်ရွယ် သည်ဟု ဗိုလ်မှူးချုပ် ဂျော်နီက ဆိုသည်။
ကရင်ပြည်နယ်တွင် တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားလျက်ရှိသည်။
ယမန်နှစ် နိုဝင်ဘာလတွင်လည်း ရွေးကောက်ပွဲ ကျင်းပနေစဉ် DKBA က မြ၀တီ၊ ဘုရားသုံးဆူ၊ ကြာအင်းဆိပ်ကြီးမြို့ နယ်တို့ ကို DKBA တပ်ဖွဲ့များက ၀င်ရောက် တိုက်ခိုက်ခဲ့သည်။
No comments:
Post a Comment