
အစိုးရ တပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) အကြား တိုက်ခိုက် မှုများ ရှမ်း နှင့် ကချင် ဒေသတွင် ပိုမို တိုးပွား လာကြောင်း KIAက ပြောသည်။
တိုက်ပွဲ များက ကချင်ပြည်နယ် မိုးညှင်း မြို့ရှိ ငှက်ပျောတော ကျေးရွာ၊ မံစီမြို့ အနီး အနား အထိ ဖြစ်ပွားလာ နေကြောင်း ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) တွဲဖက် အထွေထွေ အတွင်း ရေးမှူး ဦးလနန်က ဧရာဝတီ ကို ပြောသည်။
KIA၏ အမှတ် ၄ တပ်မဟာ လှုပ်ရှားခွင်ဖြစ်သည့် ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်ရှိ ပန်ဆိုင်း၊ တာမိုးညဲ စသည့် ဒေသများတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ဦးလနန်က ပြောသည်။
“တပ်မဟာ ၄ ဘက်မှာတော့ တိုက်ပွဲဟာ လုံးဝ ကျယ်ပြန့်သွားပြီး အစိုးရတပ်ဖွဲ့တွေရှိတဲ့ နေရာတွေကို ကျနော်တို့ ပြောက်ကျား တပ်ဖွဲ့ဝင်တွေက ပြန်တိုက်နေကြတယ်” ဟု ဦးလနန်က ဧရာဝတီကို ပြောသည်။
တပ်မဟာ ၄ ဒေသသည် စက်တင်ဘာလ ၂၃ ရက်နေ့မှ စတင်၍ အပြင်းအထန် ထိုးစစ်ဆင်ခံရခြင်း ဖြစ်သည်။
ယမန်နေ့က ကချင်ပြည်နယ် လိုင်ဇာဒေသသို့ ဦးတည်လာသော အစိုးရတပ်တို့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ KIA ဒေသသီးသီးကို စစ်ရေးပြင်ဆင်မှု တိုးလာသည်ဟု ဆိုသည်။
“မြစ်ကြီးနားကနေပြီတော့ ရွှေညောင်ပင် ဘက်ကို သူတို့ တပ်အင်အား ဖြည့်တာရှိတယ်၊ နောက်ပြီးတော့ မြစ်ကြီးနားကနေ ဧရာဝတီမြစ်လမ်းကြောင်း ဆင်းပြီး တာလောကြီးဘက်က ၀င်လာဖို့ ရှိတယ်၊ ဗန်းမော်မြို့ အနောက်ဘက်ခြမ် အဲဒီကနေလည်း တက်လာဖို့ အစီအစဉ်ရှိတယ်၊ ဒါကို ကြည့်ခြင်းအားဖြင့် သူတို့တပ် ဦးတည်လာတာကို စုလိုက်ရင် ကျနော်တို့ဘက်ကို ဖြစ်နေတယ်” ဟု ဦးလနန်က ရှင်းပြသည်။
KIA ဘက်ကလည်း ကြိုတင် ပြင်ဆင်ထားကြောင်း သူက ပြောသည်။
“လိုင်ဇာဒေသကို ၀င်လာမယ်ဆိုရင် ဒီဒေသတော့ သူတို့အတွက် သတ်ကွင်း ဖြစ်သွားပါလိမ့်မယ်၊ သူတို့ သိမှာပါ။ ဒါကြောင့်မို့ သူတို့က အဝေးကနေ လက်နက်ကြီးတွေကို အားကိုးပြီးတော့ ပစ်ကြမယ်လို့ ထင်တယ်” ဟု ဦးလနန်က ဆိုသည်။
KIA က တိုက်ပွဲအခြေအနေများ၊ ၎င်းတို့၏ သဘောထားများကို သတင်းဌာနများသို့ ပြောဆိုနေချိန်တွင် အစိုးရက စစ်သတင်းကို အမှောင်ချထားသည်။
နှစ်ဖက် အကျအဆုံး စာရင်း၊ ထွက်ပြေးနေရသည့် ဒေသခံ အရေအတွက်တို့ကို မသိရှိရသေးပေ။
No comments:
Post a Comment