Tuesday, October 2, 2012

နိုင်ငံတကာရောက် ရခိုင်အမျိုးသားများ အသိပညာအတတ်ပညာ သင်ယူကြရန် ဦး အေးသာအောင်မှ တိုက်တွန်း

နိရဉ္စရာ

နိုငံတကာတွင် ရောက်ရှိနေကြသည့် ရခိုင်လူမျိုးများအနေဖြင့် မိမိတို့ရောက်ရှိနေကြ သည့် နေရာဒေသ အသီးသီးတွင် အသိပညာ အ တတ် ပညာများကို အလေးထားပြီး သင်ယူ ဆည်းပူးကြရန် နယူးယောက်မြို့တွင်ရောက်ရှိနေသည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦး အေး သာ အောင်က တိုက်တွန်း ပြောကြားလိုက်သည်။

စက်တင်ဘာ (၃၀) ရက်နေ့တွင် ပြုလုပ်သည့် ” ရခိုင့်ခေါင်းဆောင် ဦးအေးသာအောင်နှင့် ရခိုင်မိ သား စုတွေ့ဆုံပွဲ″ အခန်းအနားတွင် ယခု ကဲ့သို့ ဦးအေးသာအောင်က တိုက်တွန်းလိုက်ခြင်းဖြစ်သည်။ ယင်းတွေ့ဆုံပွဲသို့ နယူး ယောက်မြို့ရှိ ရခိုင်လူများအပြင် အနီးအနားတ၀ိုက် မြို့များမှ ရခိုင်လူမျိုး စုစုပေါင်း (၁၀၀) ကျော်ခန့် တက်ရောက်ခဲ့သည်။

“ဘယ်တိုင်းပြည်တွေကိုပဲရောက်နေပါစေ ရခိုင်လူမျိုးတွေ၊ အထူးသဖြင့် လူလတ်ပိုင်းနှင့် လူငယ် တွေကို ပညာသင်ကြပါလို့တိုက်တွန်းချင် တယ်။ ပြီးတော့ ကိုယ်တတ်ထားတဲ့ အတတ်ပညာတွေနဲ့ ရခိုင့်အသိုင်းအ၀န်းအတွက် တတ် နိုင်သလောက် အကျိုးပြု လုပ်ငန်းတွေကို ပြန် လုပ် ကြပါ” ဟုဦးအေးသာအောင်က ပြောသည်။

တွေ့ဆုံပွဲတွင် သဘာပတိအဖြစ်ဆောင်ရွက်သူ ဒေါက်တာ အသျှင် နာယက မှလည်း ပြည်ပနိုင်ငံများတွင် ရောက်ရှိနေကြသည့် ရခိုင်လူ ငယ် များအနေဖြင့် ပညာရေးကို အဓိကထားပညာယူကြရန်၊ တတ်ထားသည့် ပညာရပ်များကိုလည်း ကိုယ့်နေရာ ကိုယ့်လူမျိုးများ အတွက် တစွမ်း တစ ပြန်လည်အသုံးချကြရန် ပြောကြားသွားသည်။

နယူးယောက်ပြည်နယ် ယူတီကာမြို့မှ တက်ရောက်လာသူတစ်ဦးဖြစ်သူ စာရေးဆရာ၊ ကဗျာဆရာ ခိုင်လင်း (မေဃ၀တီ)ကလည်း “ မိမိတို့ ရ ခိုင်လူ့အဖွဲ့အစည်းကို တိုးတက်ရေးဟာ တိုးတက်စေချင် တဲ့ ပြည်တွင်း ပြည်ပ ခေတ်ပညာတတ်သူတွေရဲ့ ဆန္ဒအပေါ်မှာ မူတယ်ကြောင်း၊ အထူး သဖြင့်ခေတ် ပညာတတ်တွေ အနေနဲ့ မလုံ မခြုံသေးတဲ့ ရခိုင်ပြည် ဖွံ့ဖြိုးဖို့အတွက် တတ်ထားတဲ့ အတတ် ပညာတွေ နဲ့ ပူးပေါင်းဆောင်ရွက် ကြရန် လိုအပ်ကြောင်း” တိုက်တွန်း ပြောကြားသွား သည်။

တက်ရောက်လာကြသူများထဲမှ မေးခွန်းများကို ဦးအေးသာအောင်မှ စိတ်ရှည်လက်ရှည်ဖြေကြားပြီး အခမ်းအနားကို ညနေ ၄ နာရီခန့်တွင် ပြီး ဆုံးသွားကြောင်း သတင်းရရှိသည်။

No comments: