Tuesday, March 25, 2014

စိတ္တရမဟီ အဆင့်မြင့်အိမ်ရာစီမံကိန်း ၂၀၁၅ နှစ်ကုန် အပြီးတည်ဆောက်မည်

မျိုးသန့်

စိတ္တရမဟီ အဆင့်မြင့် အိမ်ရာစီမံကိန်းကို၂၀၁၅ ခုနှစ်၊ နှစ်ကုန် အပြီးတည်ဆောက်သွားရန် လျာထား ကြောင်း မတ်လ ၂၃ ရက်က ပြုလုပ်ခဲ့သော အဆိုပါ အိမ်ရာစီမံကိန်း ပန္နက်တင်မင်္ဂလာအခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းမှာ ချမ်းအေးသာစံမြို့နယ် ၇၃- ၇၄လမ်းကြား၊ ၂၆-၂၇လမ်းကြားတွင် တည်ဆောက်နေသည့် စီမံကိန်းဖြစ်သည်။

“စီမံကိန်း၂၀၁၅ အပြီးတည်ဆောက်သွားမှာဖြစ်ပါတယ်။ ၀န်ထမ်းတွေကို အဓိကထား ရောင်းချပေးမှာ ဖြစ်ပါတယ်။ အဆောက်အအုံ ၁၃ လုံးကို တည်ဆောက်ပါမယ်” ဟု တာဝန်ရှိသူက ဆိုသည်။

တည်ဆောက်မှုကို ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် အကျိုးတူ ပူးပေါင်းသည့် Myanmar Mandalay Co., Ltd, United Pacific Co., Ltd, Mandalay Golden Wind Co., Ltd, New Star Light Construction, New Innovation Co.,Ltd. စသည့် ကုမ္ပဏီငါးခုတို့ ပူး ပေါင်းတည်ဆောက်သွားမည်ဖြစ်သည်။

ကုမ္ပဏီငါးခုမှ အဆောက်အအုံများအဖြစ် ကွန်ဒိုခြောက်လုံး၊ တိုက်ခန်းငါးလုံး၊ ပြခန်းနှင့် ရုံးခန်းတစ်လုံး၊ အုပ်ချုပ်မှုရုံးခန်းတစ်လုံး စုစုပေါင်း ၁၃ လုံးကို ကုမ္ပဏီတစ်ခုချင်းစီအလိုက် ခွဲခြားတည်ဆောက်သွားမည် ဖြစ်သည်။

ယခုအိမ်ရာမှာ အဆင့်မြင့်အိမ်ရာဖြစ်သည်နှင့်အညီ ဓာတ်လှေကား၊ အပန်းဖြေရန်နေရာများ၊ ပန်းခြံများ၊ ကစားကွင်းများကို ထည့်သွင်းတည်ဆောက်သွားရန် စီစဉ်ထားသည်။

မန္တလေးမြို့မှ ၀န်ထမ်းများနေထိုင်ရန် အရှေ့ပြင်ဝန်ထမ်းအိမ်ရာစခန်း၊ စိတ္တရမဟီ အဆင့်မြင့်ဝန်ထမ်းအိမ်ရာ၊ မြရည်နန္ဒာ ၀န်ထမ်းအိမ်ရာ စသည့် အိမ်ရာစခန်းသုံးခု တည်ဆောက်သွားမည်ဖြစ်သည်။

No comments:

Post a Comment