Tuesday, March 25, 2014

ဂျပန်ခေတ်ရတနာသေတ္တာကြီး နယ်လုံဝန်ကြီး ကြီးကြပ်မှုဖြင့် တူးဖော်မည်

ကိုတိုးကြီး

လွန်ခဲ့သည့် နှစ်ပေါင်းရှစ်ဆယ်ကျော်က ဂျပန်ကင်ပေတိုင်အဖွဲ့များမှ မြှုပ်နှံထားခဲ့သည်ဟု ယူဆရသော ရွှေငွေရတနာသေတ္တာကြီးကို သက်ဆိုင်ရာမှ ခွင့်ပြုချက်ရပါက တူးဖော်ယူနိုင်ရန် အဆင်သင့်ဖြစ်နေ ကြောင်း မုံရွာမြို့သို့ ရောက်ရှိနေသည့် ရတနာသေတ္တာ ရှာဖွေတူးဖော်ရေးအဖွဲ့ခေါင်းဆောင် ဦးဝင်းထိန် က မတ် ၂၂ ရက်တွင် မဇ်္ဈိမကို ပြောသည်။

အဆိုပါ ရတနာသေတ္တာကြီးသည် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ ကင်းဗျားကျေး ရွာလမ်းခွဲအနီး၊ ရွှေဘိုခရိုင်၊ စိုက်ပျိုးရေးဌာနပိုင် ချီပါ မျိုးသန့်စိုက်ပျိုးရေးခြံဝင်းအတွင်းရှိ ရေတွင်းကြီးအ တွင်း၌ တည်ရှိနေပြီး မတ်လ ၁၇ ရက် နံနက် ၁၀ နာရီအချိန်က ရေတွင်းအတွင်းရှိရေများကို စုပ်ထုတ် ကာ စတင်ရှာဖွေခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“စမ်းသပ်နေတဲ့အဆင့်ပဲ ရှိပါသေးတယ်။ စတင်တူးဖော်တဲ့ အခြေအနေကိုရောက်ရင်တော့ နယ်၊ လုံဝန် ကြီး ဗိုလ်မှူးကြီးကြည်နိုင်တို့က ကြီးကြပ်ကွပ်ကဲပေးသွားမှာပါ”ဟု အဖွဲ့ခေါင်းဆောင်ဖြစ်သူ ပြည်ခိုင်ဖြိုးပါ တီ(ဗဟို) ပြည်သူ့ဆက်ဆံရေးဌာန၊ ဌာနခွဲမှူးဦးဝင်းထိန်က ပြောသည်။

ရေတွင်းကြီးထဲ၌ မြေပြင်မှအနက် တစ်ဆယ့်ခြောက်ပေ၊ ကိုးလက်မခန့်နေရာတွင် အ၀ိုင်းပုံသဏ္ဍန် ဒူးတိုက်အုတ်ရိုး ပြုလုပ်ထားသည့် မျက်နှာပြင်နေရာ၌ အလျားသုံးပေနှစ်လက်မ၊ အနံတစ်ပေဆယ်လက်မရှိ ရေခတ်ပေါက်ချန်၍ အင်္ဂတေဖြင့် ပိတ်ထားသည်ကို တွေ့ရှိထားသည်ဟု တူးဖော်ရေးအဖွဲ့က ဆိုသည်။

ရေတွင်းကြီး၏ ဒူးတိုက်အုတ်ရိုး အရှေ့ဘက်မျက်နှာပင်တွင် ၂၈-၉-၁၉၂၉ ဟု ရေးထိုးထားသည့်အတွက် ဂျပန်ခေတ်ကရှိခဲ့ဖူးသော ရေတွင်းကြီးတစ်ခု ဖြစ်နိုင်ကြောင်း ၎င်းတို့က ယူဆထားသည်။

“ရတနာသေတ္တာကြီးအကြောင်းက ပုံပြင်ဆန်ဆန် ဒဏ္ဍာရီဆန်ဆန် ကြားဖူးနေတာတော့ ကြာခဲ့ပါပြီ။ တချို့ကျတော့လည်း သိုက်ကြီးတွေကို ဘာသာရေးယုံကြည်ချက်များအရ လူတိုင်းက မရှာဖွေရဲကြဘူး။ အခုတော့ အဖြေသိရတော့မှာပါ”ဟု ချီပါကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။

No comments:

Post a Comment