ABC
မိုးလေဝသနဲ့ ဆက်စပ်တဲ့ သတင်းတပုဒ်မှာတော့ ဘင်္ဂလားပင်လယ်အော်အရှေ့ အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းဟာ ရခိုင်ကမ်းရိုးတန်းနားမှာ ဖြစ်နေတဲ့အတွက် မုန်တိုင်း အန္တရာယ်ကို လိမ္မော်ရောင်အဆင့်အဖြစ် သတ်မှတ်ထားဆဲဖြစ်ပါတယ်။
မနေ့ညက တိုင်းတာချက်အရ ရခိုင်ပြည်နယ် ဂွမြို့ရဲ့ အနောက်ဘက် မိုင်( ၁၅၀)ခန့်နဲ့ စစ်တွေမြို့အနောက်တောင်ဘက်မိုင် ၁၆၅ အကွာမှာ ရှိနေပါတယ်။ အဲဒီမုန်တိုင်းငယ်ဟာ မြောက်- အနောက်မြောက်ဘက်ကို ဆက်လက်ရွှေ့လျားသွားမယ်လို့ ခန့်မှန်းနေကြပါတယ်။
မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် ဒီရက်ပိုင်းအတွင်း ပဲခူးတိုင်းဒေသကြီးမှာ နေရာစိပ်စိပ် မိုးရွာနိုင်ပြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးနဲ့ ရခိုင်ပြည်နယ်တွေ မှာတော့ နေရာအနှံ့အပြားမှာ မိုးထစ်ချုန်းရွာပြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာတီတိုင်း ဒေသကြီးနဲ့ ရခိုင်ပြည်နယ် တွေမှာ ကွက်ကျား မိုးကြီးမယ်လို့ ခန့်မှန်းထားပါတယ်။
မြစ်ဝကျွန်းပေါ်၊ ရခိုင် ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင် တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေ တိုက်ခတ်ပြီးလှိုင်းကြီးနိုင်တဲ့အကြောင်း မိုင်(၄၀) ကနေ (၄၅) မိုင်အထိ တိုက်ခတ်နိုင်တာမို့ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ လှေတွေနဲ့ သင်္ဘောတွေ အနေနဲ့ မုန်တိုင်းအန္တရာယ်ကို ကြိုတင်သတိပြုကြဖို့လည်း မိုးလေးဝသနဲ့ ဇလဗေဒသတင်းမှာ ဖော်ပြထားပါတယ်။
တဆက်တည်းမှာပဲ နာဂစ်မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ လပွတ္တာမြို့နယ်မှာ မုန်တိုင်းသင့် ဒုက္ခသည်တွေ နေထိုင်ဖို့ ဆောက်ပေးထားတဲ့နေရာကို မြေပိုင်ရှင်က ဆက်လက်မထားလိုတဲ့အတွက် မိုးဦးရာသီမှာ နေထိုင်စရာ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
နေထိုင်ဖို့ အခက်အခဲဖြစ်ပေါ်နေတဲ့ ဒုက္ခသည်တွေဟာ လပွတ္တာမြို့နယ်မှာရှိတဲ့ ကြာကန်၊ ကဿပေါင်း၊ သာလိကာကုန်း၊ အောင်ကုန်း၊ ကျောက်ဖြူ ပိန္ဒဲတောင် နဲ့ မြွေဟောက် ကျေးရွာအုပ်စု ၆ စုက ရွာပေါင်း ၁၃ ရွာရှိ ရပ်ကွက်သစ်များတွင်နေထိုင်ကြသော နာဂစ်ဒုက္ခသည်တွေ ဖြစ်ကြပါတယ်။
အိမ်ထောင်စု ၄၀၀ ကျော်ရှိပြီး လက်ရှိနေနေရတဲ့ အိမ်တွေကလည်း ဟောင်းနွမ်းလာနေချိန်မှာပဲ နေထိုင်စရာ အခက်အခဲနဲ့ ကြုံတွေ့ရမယ့် အနေအထား ရင်ဆိုင်နေရတဲ့အကြောင်း မြစ်မခ သတင်းအရ သိရပါတယ်။

No comments:
Post a Comment