မြတ်မင်း
ဇူလိုင်လ ၁၉ ရက်တွင် ကျရောက်မည့် (၆၇) ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားကို မန္တလေးမြို့၊ ကံတက်ကုန်း (မစိုးရိမ်)ကျောင်းတိုက်တွင် ယခင်နှစ်များကဲ့သို့ပင် ကျင်းပသွားမည်ဟု အာဇာနည်နေ့ အခမ်းအနား ကျင်းပရေးကော်မတီဝင် ဦးမင်းထက်ငြိမ်းချမ်းက မဇ္ဈိမကိုပြောသည်။
“အဓိကတော့ အာဇာနည်နေ့ကို မမေ့ဖို့ နှစ်စဉ်နှစ်တိုင်း ကျင်းပဖြစ်တာပါ။ ဒီနှစ်မှာ မန္တလေးက ပဋိပက္ခတွေ ရှိနေတဲ့ အတွက် ဘယ်လိုမျိုး အခက်အခဲ ရှိမလဲဆိုတာတော့ မပြောနိုင်ပေမယ့် အခက်အခဲရှိနိုင်ပါတယ်။ နံနက် ၈လောက်က စပြီး အခမ်းအနားကို ကျင်းပသွားမယ်။ အာဇာနည်နေ့နဲ့ပတ်သက်ပြီး လွှတ်တော်ကလည်း ဥသြမဆွဲဘူးဆိုတဲ့ အစဉ်အလာဟောင်းတွေကို မေ့ပျောက်ထားစေချင်တယ်" ဟု ဦးမင်းထက်ငြိမ်းချမ်းက ပြောသည်။
အာဇာနည်နေ့ အခမ်းအနားတွင် ဥသြဆွဲခြင်း၊ အလေးပြုခြင်း၊ အခမ်းအနားကျင်းပရာ ကံတက်ကုန်းကျောင်သို့ ချီတက်ခြင်းစသည်များကို ပြုလုပ်ရန် စီစဉ်ထားသည်ဟု ဆိုသည်။
“အများပြည်သူရဲ့ ဆန္ဒမပါဘဲနဲ့ အာဇာနည်ဗိမာန်လို နေရာမျိုးမှာ ဗုံးပေါက်ကွဲပြီး သေဆုံးခဲ့ရတဲ့ ကိုရီးယား ခေါင်ဆောင်တွေရဲ့ အထိမ်းအမှတ်တွေ စိုက်ထူခဲ့တယ်။ အာဇာနည်ဗိမာန်လို ကိုယ့်နိုင်ငံရဲ့အထွဋ်အမြတ်ထားတဲ့နေရာမှာ ဘာတစ်ခုမှထားဖို့မသင့်ဘူး။ နောင်အရှည်သဖြင့်မှာ ဒါမျိုးတွေမဖြစ်ပေါ်ရအောင် အခုကတည်းက သမိုင်းနဲ့ပတ်သက်တာတွေကို မမေ့ရအောင်လုပ်ဖို့လိုမယ်"ဟု ၎င်းကပြောသည်။
ရန်ကုန်တွင်မူ အာဇာနည်နေ့တွင် ဟွန်းသံရှည် ဆက်တိုက်တီးပါက ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူမည်ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး ဒု-ရဲမှူးကြီး ဦးလင်းထွဋ်က ပြောသည်။
No comments:
Post a Comment