ကေဇူး
လျှပ်စစ်ဓာတ်ကြိုးနှင့် ဓာတ်တိုင်များကြောင့် ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး ပြည်သူများက စိုးရိမ်မှုများ ဖြစ်နေရာ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန အနေဖြင့် အလေးထားသင့်သည်ဟု ရန်ကုန်၊ မန္တလေးရှိ ပြည်သူများက ပြောကြားလိုက်သည်။
ဇူလိုင်လ ၁၁ရက်က လှိုင်သာယာမြို့နယ် ၁၅ရပ်ကွက် ၁၅ ဈေးအတွင်းတွင် ဓာတ်တိုင်မှ ဓာတ်ကြိုးပြတ်ကျရာမှ အမျိုးသမီးသုံးဦး သေဆုံးမှု ထပ်မံဖြစ်ပေါ်ခဲ့သည်။
“ကားဂိတ်တွေ ဈေးတွေမှာ ကြာကြာရပ်ဖို့တောင် လန့်လာတယ်၊ နေရတာ လုံခြုံမှုမရှိသလို ခံစားရတယ်။ ပြည်သူတွေမှာ အာမခံချက်မရှိဘူး ”ဟု အင်းစိန်မြို့နယ်မှ ဒေါ်ခင်ခင်မြင့်က မဇ္ဈိမကို ပြောသည်။
ဇွန် ၂၃ရက်က ရန်ကုန်မြို့ လှည်းတန်း ပေ ၅ဝလမ်း၊ လှည်းတန်းဈေးအနီးရှိ လျှပ်စစ်ဓာတ်တိုင်မှ ဓာတ်ကြိုးပြတ်ကျရာမှ အမျိုးသမီးတစ်ဦးနှင့် ဈေးဝယ်လာသူ အမျိုးသားတစ်ဦး ဓာတ်လိုက် သေဆုံးခဲ့ရသည်။
“ကျွန်မဆိုရင် ဓာတ်ကြိုးပြတ်ကျ သေဆုံးတဲ့သတင်းတွေ ကြားပြီးကတည်းက ဓာတ်ကြိုးတွေအောက် ဖြတ်လျှောက်ရမှာ ကြောက်နေပြီ" ဟု လှိုင်မြို့နယ်တွင် နေထိုင်သူ မနှင်းပွင့်က ပြောသည်။
ရန်ကုန်တွင် သာမက မန္တလေးမြို့တွင်လည်း လျှပ်စစ်ဓာတ်ကြိုးနှင့် ဓာတ်တိုင်များ၏ အန္တရာယ် ကြုံတွေ့နေရသည်ဟု မန္တလေးမြို့ခံ ဝါရင့် သတင်းစာဆရာ ဦးကျော်ရင်မြင့်က မဇ္ဈိမကို ပြောသည်။
“မဟာဓာတ်အားလိုင်းက မန္တလေးကို ပို့လွှတ်တဲ့ ဓာတ်တိုင်က အောက်ခြေမှ သံချေးကိုက် ချစားတာတွေကြောင့် လဲတော့မယ်၊ ဒီနေရာက မန္တလေးတောင်ပေါ်ကို တက်တဲ့နေရာ ဖြစ်တဲ့အတွက် လဲကျခဲ့ရင် အန္တရယ်အရမ်းများတယ်”ဟု ဦးကျော်ရင်မြင့်က ပြောသည်။
ရန်ကုန်မြို့တွင် ဇွန်လအတွင်းက မြောက်ဥက္ကလာပ မြို့နယ်(ဌ)ရပ်ကွက်တွင် ဓာတ်ကြိုးပြတ်ကျရာမှ တစ်ဦးသေဆုံးခဲ့သည်။ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့၊ ဒရယ်မီးရပ်ကွက်တွင်လည်း ဓာတ်ကြိုးပြတ်ကျ၍ လူတစ်ဦး သေဆုံးတစ်ဦးဒါဏ်ရာ ရရှိခဲ့သည်။
ဓာတ်ကြိုးပြတ်ကျ သေဆုံးမှုများကြောင့် ဓာတ်ကြိုးလဲလှယ်ရန်လိုအပ်သည့် မြို့နယ်များကို ဇူလိုင်လဆန်းမှ စတင် တပ်ဆင်ပေးနေလျှက်ရှိသော်လည်း လှိုင်သာယာမြို့နယ်တွင် ပြုပြင်ထားသော ဓာတ်ကြိုးက ပြန်လည်ပြုတ်ကျရာမှ အမျိုးသမီးသုံးဦး သေဆုံးခဲ့သည်။
၂ဝ၁၄ခုနှစ် ဇွန်လ နောက်ဆုံးပတ်နှင့် ဇူလိုင်လ အတွင်း ဓာတ်ကြိုးပြတ်ကျရာမှ သေဆုံးသူ ခြောက်ဦးရှိပြီဖြစ်သည်။
No comments:
Post a Comment