ဖနိဒါ၊ ယုဝေ
ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာအစိုးရ၏ စစ်တပ်များ စစ်ဆင်ရေးသစ် ပြုလုပ်နေခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်နေမှုအား ရပ်တန့်ရန် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ဇူလိုင်လ ၁ဝ ရက်တွင် ပြောဆိုလိုက်သည်။
ဇွန်လမှစတင်၍ ရှမ်းပြည်နယ် ကျေးသီးမြို့နယ်နှင့် မိုင်းရှူးမြို့နယ် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည် တပ်မတော်(SSPP/SSA) သို့ ဦးတည်လာသော အစိုးရ၏ စစ်တပ်များ စစ်ဆင်နေလုပ်နေခြင်းကို ရပ်တန့်ရန်နှင့် ၎င်းဒေသအတွင်း အစိုးရ၏ စစ်အင်အား ၂ဝဝဝ ကျော် တပ်ဖြန့်ချထားခြင်းကြောင့် ရာနှင့်ချီသည့်ဒေသခံများ ပြည်သူများ လူ့အခွင့်အရေးချိုးဖောက်မှုခံ နေရသည်ဟု သူက ပြောသည်။
“အခု SSPP ကို အစိုးရစစ်တပ် စတင်ပြီး တိုက်ခိုက်နေတာဖြစ်တဲ့အတွက်၊ ဒါတွေမကဘဲ ဒေသခံ ပြည်သူလူထုတွေ လူ့အခွင့်အရေး ချိုးဖောက်ထိခိုက်တာတွေ၊ ရွာသားတွေကို စစ်စခန်းဆောက်ဖို့ ဝါးတွေ ခုတ်ပေးဖို့ ခိုင်းတာတွေရှိတယ်။ ဒါတွေကို ရပ်ဖို့ တောင်းဆိုတာ ဖြစ်တယ်”ဟု ရှမ်းလူ့ အခွင့်အရေးမဏ္ဍိုင်မှ ပြောရေးဆိုခွင့်ရှိသူ နန်းခွမ်လိတ်(Nang Kwarn Lake)က မဇ္ဈိမကို ပြောသည်။
SSPP အား ပစ်မှတ်ထားကာ စစ်ဆင်ရေးပြုလုပ်နေခြင်း၊ စစ်လေ့ကျင့်ရေး စခန်းအသစ် ဆောက်လုပ်နေခြင်းကိုလည်း ရပ်ဆိုင်းရန်နှင့် လက်ရှိ တိုးချဲ့ချထားသော စစ်တပ်များ ပြန်လည် ရုပ်သိမ်းဆုတ်ခွာပေးရန် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ပြန်းထန်စွာ တောင်းဆိုလိုက်သည်။
ထို့ပြင် အစိုးရ၏ စစ်ဆင်ရေးများ ပြုလုပ်နေသည့် ဒေသအတွင်းမှ ပြည်သူလူထု၏ သွားလာရေးနှင့် စာနပ်ရိက္ခာများကို ရွာအတွင်း အပြင် သယ်ယူပို့ဆောင်ခြင်းကို တားမြစ်ခြင်းနှင့် ရွာသားများပိုင် စိုက်ပျိုးပင်များ၏ ခြံစည်းရိုးများ ဖျက်ဆီးခြင်း၊ ပစ္စည်းများ လုယူခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အစိုးရစစ်တပ်က ပြုလုပ်နေသည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။
ရှမ်းပြည်နယ် လွိင်လင်ခရိုင် ကျေးသီးမြို့နယ် စစ်ရေးတင်းမာလာသဖြင့် ဇူလိုင်လ ၅ ရက်မှ စတင်ကာ ကျေးသီးမြို့နယ် ဝမ့်ဝပ်ကျေးရွာအုပ်စု တာ့ဖာဆောင်ကျေးရွာသား ၂ဝဝ ကျော်သည် ၎င်းတို့ကျေးရွာမှ တစ်မိုင်ကျော် အကွာအဝေးရှိ ဝမ့်ဝပ်ဘုန်းကြီးကျောင်းသို့ ထွက်ပြေးခိုလှုံနေရသည်ဟု ဒုက္ခသည်များအား သွားရောက်ကူညီနေသူ ကျားဖြူပါတီဝင် ကျေးသီးမြို့ခံ တစ်ဦးက ပြောသည်။
“တရက်တရက် လူ ၄၊ ၅ ယောက် တိုးတိုးလာတာ။ ဒီနေ့တော့ ၂ဝဝ နည်းနည်းကျော်ပြီ။ သူတို့က ဖာဆောင်ရွာက နေလာတာ။ အဲဒီမှာက SSPP တပ်နဲ့ အစိုးရစစ်တပ်နဲ့ နီးကပ်နေတာ အစိုးရစစ်တပ်က စခန်းလာချတော့ သူတို့ မနေရဲလို့ သူတို့တက်နေကြ ဘုန်းကြီးကျောင်းမှာ လာပြီး နေနေကြတယ်”ဟု အဆိုပါ ဒေသခံက ပြောသည်။
ယခုလဆန်းပိုင်းမှာ အစိုးရစစ်တပ် ဝင်ရောက်လာကာ အစိုးရ စစ်တပ်က အဆိုပါ ကျေးရွာများ၏ ယာခင်းများ ပျက်ဆီးသွားသလို၊ တိုက်ပွဲဖြစ်ပွားလာပါက ရွာသားများ ထွက်ပြေးမည့် နေရာမရှိဘဲ ကြားညှပ်သွားမည်ကို စိုးရိမ်သဖြင့် လတ်တလော မိမိကျေးရွာသို့ ပြန်ရန် မဖြစ်နိုင်သေးကြောင်း သူက ဆက်လက် ပြောဆိုသည်။
“အခုအချိန်မှာ ဒေသခံတွေက စိုက်ပျိုးရာသီဆိုတော့ လူတွေက ရွာကနေ သိပ်မစွန့်ချင်ကြဘူး။ တာ့ဖာဆောင်ရွာက လယ်တွေကလည်း ပျက်ဆီးကုန်ပြီ။ နေနေရင်လည်း တိုက်ပွဲဖြစ်လာရင် ကြားညပ်မှာဆိုးလို့ ထွက်ပြေးလာကြတာ”ဟု သူက ပြောသည်။
ဇူလိုင်လ ၁ဝ ရက်က စစ်ပြေးဒုက္ခသည်များအတွက် ကျေးသီးမြို့နယ်ရှိ ခရိုင်စီမံကိန်း၊ ရဲမှူး၊ ရှမ်းပြည်အစိုးရအဖွဲ့များ လာရောက် ကြည့်ရှုကာ ဆန်၊ ဆီ၊ ဆားများ လာရောက် လှူဒါန်းခဲ့သလို၊ ယခင်ရက်တွင် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ကျားဖြူ/ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ SNDP၊ ကျားခေါင်း စသည့် နိုင်ငံရေးပါတီများလည်း လာရောက် ထောက်ပံ့ပေးခဲ့ကြောင်း သူက ဆိုသည်။
ကျေးသီးမြို့နယ် သာဖာဆောင်ကျေးရွာ အနီးတဝိုက် ယခင်က အစိုးရ တပ်ရင်း ၁ ရင်းသာရှိရာမှ ယခုလဆန်းပိုင်းက အစိုးရ တပ်ရင်း ၇ ရင်းထိ တိုးမြင့်ချလာသဖြင့် စစ်ရေးထိန်းသိမ်းရန်အတွက် နေပြည်တော် အစိုးရနှင့် ဆွေးနွေးမည်ဟု SSPP မှ အထွေထွေအတွင်းရေးမှူး စပ်ခွန်ဆိုင်းက ဇူလိုင်လ ၇ ရက်နေ့က မဇ္ဈိမကို ပြောဆိုခဲ့သည်။
ဇူလိုင်လ ၈ ရက်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် SSPP ကိုယ်စားလှယ်တို့သည် နေပြည်တော်တွင် စစ်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပြီးနောက် ယခုရက်ပိုင်းမှာ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိကြောင်း၊ SSPP မှ ဗိုလ်ကြီးတဦးက မဇ္စျိမကို ပြောသည်။ ဆွေးနွေးမှုနှင့် ပတ်သက်၍ ပြောဆိုခြင်း မရှိပေ။
No comments:
Post a Comment