ဇာနည်အောင်
နှစ်ဦးမှာ အဆက်အသွယ် ပြတ်နေဆဲဖြစ်
အဆက်အသွယ်ပြတ်တောက်နေသော တောင်တက် သမားနှစ်ဦးနှင့် အတူတူ ခါကာဘိုရာဇီတောင်သို့ တက်ရောက်ခဲ့သည့် သဘာဝခေါ်သံ ဖောင်ဒေးရှင်းမှ တောင်တက်သမား ခြောက်ဦး ပူတာအိုမှ ရန်ကုန်သို့ စက်တင်ဘာ ၁၉ ရက်တွင် ပြန်လာမည်ဟု အသင်းတာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။
ပြန်လာရာတွင် အဆက်အသွယ် ပြတ်နေသည့် ကိုအောင်မြင့်မြတ်နှင့် ကိုဝေယံမင်းသူတို့၏ မိသားစုဝင်များလည်း ပြန်လည်လိုက်ပါလာမည် ဖြစ်သည်။ ၎င်းတို့နှင့်အတူ ခြေလျင်နှင့် တောင်တက် အသင်း (သဘာဝ ခေါ်သံဖောင်ဒေးရှင်း) ဥက္ကဌ ဦးမျိုးသန့်လည်း လိုက်ပါလာမည်ဟု ဆိုသည်။
ယင်းအပြင် တောင်တက်သမားများကို ရှာဖွေရာတွင် ကူညီရန် အတွက် အမေရိကန်နိုင်ငံနှင့် နီပေါ နိုင်ငံမှ တောင်တက်သမားများ စက်တင်ဘာ ၁၉ ရက်က ထပ်မံ ရောက်ရှိလာပြီး ပူတာအိုသို့ ထွက်ခွာသွားပြီဟုလည်း ထူးဖောင်ဒေးရှင်းမှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးဖြိုးကိုကိုသက်က မဇ္ဈိမကို ပြောသည်။
ပူတာအိုသို့ သွားရောက်သည့် ကယ်ဆယ်ရေးအဖွဲ့များသည် ပူတာအိုမှ ခါကာဘိုရာဇီတောင်နှင့် နီးသည့် တောင်ခြေရွာ တဟွန်းဒမ်းရွာသို့ သွားရောက်ရာတွင် ခြေလျင်သွားပါက ၁၅ရက်ခန့်ကြာနိုင်သောကြောင့် ဦးတေဇက အကြိုရဟတ်ယာဉ်ဖြင့် သွားရောက်ကြိုဆိုမည်ဟုလည်း ၎င်းက ဆိုသည်။
အဆက်အသွယ် ပြတ်နေသော တောင်တက်သမားနှစ်ဦးကို ရှာဖွေကယ်ဆယ်ရန်အတွက် မြန်မာ့ ရေမြေသဘာဝကို သိရှိ၍ ဂမ်လမ်ရာဇီတောင်ထိပ်ကို အောင်မြင်စွာ တက်ရောက်ခဲ့ဖူးသည့် အမေရိကန်နိုင်ငံမှ ကယ်ဆယ်ရေး တောင်တက်အဖွဲ့ ခေါင်းဆောင် အန်ဒီတိုင်ဆန်နှင့် အဖွဲ့ဝင် တစ်ဦး၊ နီပေါနိုင်ငံမှ တောင်တက် ကယ်ဆယ်ခြင်း လုပ်ငန်းများကို ကျွမ်းကျင်သည့် ရဟတ်ယာဉ်မောင်း နှစ်ဦးနှင့် ဧဝရတ်တောင်ထိပ် တက်ရောက် သူများကို လမ်းပြပေးခဲ့သည့် ကျွမ်းကျင်တောင်တက်သမား နှစ်ဦး ပါဝင်သည်။
လက်ရှိ နောက်ဆုံး သတင်းများအရ ပူတာအို၏ ရာသီဥတုအခြေအနေမှာ မိုးများရွာသွန်းပြီး တိမ်ထူထပ်ကာ မြူများ ကျဆင်းလျက်ရှိသောကြောင့် ရဟတ်ယာဉ်များ ပျံသန်းရန် အခက်အခဲ ရှိနေသည်ဟုလည်း ထူးဖောင်ဒေးရှင်း ဖေ့စ်ဘွတ်တွင် ဖော်ပြထားသည်။
အဆက်အသွယ် မရသည့် ကိုအောင်မြင့်မြတ်နှင့် ကိုဝေယံမင်းသူတို့ နှစ်ဦးသည် သြဂုတ်လ ၃၁ ရက်တွင် တောင်ထိပ်ပေါ်သို့ ရောက်ရှိခဲ့ပြီး နိုင်ငံတော် အလံနှင့် အသင်းအလံတို့ စိုက်ထူနိုင်ခဲ့ပြီး ထိုနေ့ပင် တောင်ထိပ်မှ ပြန်ဆင်းလာကာ ယနေ့ပြန်လာမည့် ၆ဦးနှင့် ဆက်သွယ်ရေးစက်ဖြင့် နာရီဝက်ကျော် အဆက်အသွယ်ရခဲ့ပြီး နိုင်ငံတော်သီချင်းကိုပင် အတူတူ ဆိုခဲ့သေးသည်။ ယင်းနောက်ပိုင်းမှ စကာ ယနေ့အချိန်ထိ အဆက်အသွယ် ပြတ်တောက်နေခြင်း ဖြစ်သည်။
No comments:
Post a Comment