Sunday, September 21, 2014

ထိုင်းက မြန်မာအလုပ်သမား သိန်းနဲ့ချီ လက်မှတ်လုပ်ထားပြီးဖြစ်

ရွှေအောင်

ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်သမားလက်မှတ် လုပ်ပြီးသူပေါင်း သိန်းနဲ့ချီရှိနေသလို လက်မှတ် မလုပ်ရသေးသူတွေလည်း သိန်းနဲ့ချီ ရှိနေပါသေးတယ်။

ထိုင်းစစ်အာဏာသိမ်းအစိုးရ တက်လာပြီးတဲ့နောက် ဇူလိုင်လကုန်ပိုင်းကစပြီး နိုင်ငံထဲရှိတဲ့ အထောက်အထားမရှိတဲ့ မြန်မာအပါအ၀င် ရွှေ့ပြောင်းအလုပ်သမားတွေကို အလုပ်သမား လက်မှတ်လုပ်ပေးနေရာမှာ ခုချိန်ထိ မြန်မာ ၃ သိန်းလောက် လက်မှတ်လုပ်ပြီးသွားပြီလို့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောပါတယ်။

“လူဦးရေ ၃ သိန်းလောက်အထိ လုပ်ဆောင်ပြီးသွားပြီလို့ ကြားရပါတယ်။ ကျနော်တို့မှာ ကွန်ရက် ကလေးတွေ ရှိတယ်ဗျ။ အလုပ်သမားနဲ့ ပတ်သက်တဲ့အရေးတွေကို ၀ိုင်းဝန်းဆောင်ရွက်မယ့် သူတွေကို ကွန်ရက်ကလေးတွေ လုပ်ထားတယ်။ သူတို့ဆီက ပြည်နယ်အလိုက် ရလာတဲ့ အချက်အလက်တွေအရ သိန်း ဂဏန်းပဲ ရှိပါတယ် ခင်ဗျ။”

မြန်မာအလုပ်သမားတွေ အလုပ်လုပ်ကြတာများတဲ့ မဟာချိုင်ဒေသမှာ ၇ သောင်းကျော် လက်မှတ်လုပ်ခဲ့ကြပြီး ဒီပမာဏက အများဆုံးဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဦးအောင်ကျော်ပြောသွားတဲ့ ၃ သိန်းဟာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်က စာရင်း မပါပါဘူး။

မဲဆောက် Map Foundation က ကိုအေးက မဲဆောက်မှာ အခုအချိန်ထိ လက်မှတ်မလုပ်ရသေးတဲ့ အလုပ်သမား သိန်းနဲ့ချီရှိသေးတယ်လို့ ပြောပါတယ်။

“မဲဆောက်နယ်မြေထဲမှာ အလုပ်သမားအားလုံးပေါင်း ၁ သိန်းခွဲလောက်ရှိတယ်။ ၁ သိန်းခွဲထဲမှာ ၃ သောင်းကျော်ကျော်လောက်က အရင်က ယာယီပတ်စ်စပို့စ်နဲ့ နေတဲ့ အလုပ်သမားတွေ ဖြစ်တယ်။ ကျန်တဲ့ ၁ သိန်း ၁ သောင်းကျော်လောက်က လက်မှတ်မရှိတဲ့ အလုပ်သမားတွေ ဖြစ်တာပေါ့နော်။ အခုအချိန်မှာတော့ ရပ်ကွက်တွေမှာ လက်မှတ်လိုက်လုပ်ပေးနေတယ်။ ဒီ ၁ သိန်း ၁ သောင်းကျော်ထဲက တ၀က်ကျော်ကျော်လောက် လုပ်မယ်ထင်တယ်။ စိုက်ပျိုးရေး၊ တိရစ္ဆာန် မွေးမြူရေး၊ လယ်လုပ်သားတွေက အရင်ကလည်း မလုပ်ဘူး။ အခုလည်း ဘာလုပ်မလဲ ပုလိပ်လည်း ဖမ်းတာ မဟုတ်ဘူးဆိုပြီး အရင်ကလည်း မလုပ်ဘူး၊ အခုလည်း မလုပ်ဘူး။ လက်မှတ် မရှိတဲ့သူက ၁ သိန်း ၁ သောင်းကျော်ရှိတယ်။”


ထိုင်းအစိုးရက မဲဆောက်မှာ ရပ်ကွက်အလိုက် လက်မှတ်လိုက်လုပ်ပေးနေတာဖြစ်ပြီး အောက်တိုဘာလဆန်းကျမှ စက်ရုံအလုပ်ရုံတွေဆီသွားပြီး လက်မှတ်လုပ်ပေးဖို့ စီစဉ် လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။

ထိုင်းမှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားကွန်ရက်အဖွဲ့တွေရဲ့ စာရင်းဇယားတွေအရ ထိုင်းနိုင်ငံမှာ အထောက်အထားမရှိတဲ့ မြန်မာအလုပ်သမား ၁ သန်းလောက် ရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။

ထိုင်းနိုင်ငံက ပြည်နယ် ၄၄ ခုမှာ လက်ရှိ ထိုင်းအစိုးရက နေ့ချင်းပြီးလုပ်ပေးနေတဲ့ အလုပ်သမားလက်မှတ်တွေကို အောက်တိုဘာလကုန်ထိ လုပ်ဆောင်ပေးသွားမယ်လို့ ကြေညာထားပြီး အလုပ်သမားလက်မှတ်တခုလုပ်ရင် ဘတ် ၃၀၈၀ ကုန်ကျပါတယ်။

No comments:

Post a Comment