ဆလိုင်းသန့်စင်
အိန္ဒိယနိုင်ငံ အက်ဒမန်နှင့် နီကိုးဘားကျွန်းရှိ ပို့ဘလဲယား အကျဉ်းထောင်တွင် ရေပိုင်နက် ကျူးကျော် ၀င်ရောက်မှုဖြင့် မြန်မာရေ လုပ်သား ၆၀၀ ခန့် ပြစ်ဒဏ် ကျခံနေရဆဲ ဖြစ်ကြောင်း သိရသည်။
“အခုလွတ်လာတဲ့ လူပေါင်း ၄၀၀ လောက် ရှိတယ်။ အဲဒီ ၄၀၀ ကို ၃ သုတ်ခွဲပြီး မြန်မာပြည်ကို ပြန်ပို့ပေးတာပေါ့။ ပို့ဘလဲယား ထောင်ထဲမှာ ပြစ်ဒဏ်ကျခံပြီး ကျန်နေတာက လူပေါင်း ၆၀၀ လောက် ရှိသေးတယ်။ သူတို့က ပြစ်ဒဏ် မစေ့သေးဘူး”ဟု အိန္ဒိယနိုင်ငံ ရှိ အဆိုပါထောင်တွင် ပြစ်ဒဏ်ကျခံပြီး မြန်မာနိုင်ငံသို့ ပြန်ရောက်လာသည့် ငပုတောမြို့နယ်မှ ကိုစောဒိုဆေးက ဧရာဝတီကို ပြောသည်။
ရေပိုင်နက် ကျူးကျော်မှုဖြင့် မြန်မာရေလုပ်သားများကို အိန္ဒိယရေတပ်က ၂၀၁၀ ခုနှစ်မှစ၍ ဆက်တိုက် ဖမ်းဆီးခဲ့ပြီးနောက် အိန္ဒိယ အစိုးရက မြန်မာရေလုပ်သား ၁ ဦးလျှင် အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံး ၉ နှစ် အထိ ပြစ်ဒဏ်ချမှတ်၍ ပို့ဘလဲယား ထောင် တွင် အကျဉ်းချထားခဲ့ခြင်း ဖြစ်သည်ဟု ယင်းထောင်မှ လွတ်မြောက်၍ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသူများက ပြော သည်။
“အဲဒီနေ့က လှိုင်းတအားကြီးတော့ စက်လှေကို စက်ရပ်ပြီး ရေစီးနဲ့ မျှောနေတုန်း အိန္ဒိယရေတပ် သင်္ဘောက လာဖမ်းသွားတာ။ ကျနော်နဲ့ အတူလူ ၉ ယောက် အဖမ်းခံခဲ့ရတယ်။ ထောင်ထဲမှာနေတုန်း မြန်မာရေလုပ်သားတွေ နေ့စဉ်နဲ့အမျှ ထောင်ထဲ ရောက်လာ တာ တွေ့ရတယ်။ ရောက်လာသမျှကလည်း ကျနော်တို့လို အိန္ဒိယ ရေပိုင်နက်ထဲ ကျူးကျော် ၀င်ရောက်မှုနဲ့ပေါ့”ဟု ငပုတောမြို့နယ် မှ ရေလုပ်သား ကိုစောခူရေး က ပြောသည်။
ပို့ဘလဲယား အကျဉ်းထောင်တွင် ရေပိုင်နက် ကျူးကျော်မှုဖြင့် ပြစ်ဒဏ်ကျခံပြီး ရက်စေ့သဖြင့် လွတ်မြောက်လာသူ မြန်မာနိုင်ငံသား ၃၉၆ ဦးကို အိန္ဒိယ အစိုးရနှင့် မြန်မာ အစိုးရတို့ ပူးပေါင်းပြီး အက်ဒမန်ကျွန်းမှ မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့ရာ ဇန်န၀ါရီလ ၁၇ ရက်၊ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ပြန်လည် ရောက်ရှိလာခြင်း ဖြစ်သည်။
ဖမ်းဆီးခံရသူများတွင် ဧရာဝတီတိုင်း ဒေသကြီးမှ ရေလုပ်သား အများဆုံးပါဝင်ပြီး ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးမှ ရေ လုပ်သားများလည်း ပါဝင်ကြောင်း သိရသည်။
လက်ရှိတွင် ဧရာဝတီတိုင်းသို့ ပြန်ရောက်လာသူ ရေလုပ်သား ၃၃၅ ဦး ရှိပြီး အများစုမှာ လပွတ္တာ၊ ငပုတောနှင့် ပုသိမ်မြို့နယ်ရှိ ငွေဆောင်နှင့် ရွှေသောင်ယံ ဒေသမှ ရေလုပ်သားများ ဖြစ်သည်။
ရေလုပ်သားများ ပြန်လည်ခေါ်ယူရာတွင် အိန္ဒိယနိုင်ငံ ပို့ဘလဲယားမြို့မှ ဧရာဝတီတိုင်း ရောက်သည်အထိ လေယာဉ်စရိတ်၊ ပြည် တွင်း၌ သွားလာစရိတ် အားလုံးကို ဧရာဝတီတိုင်း ဒေသကြီး အစိုးရက အကုန်အကျခံ တာဝန်ယူခဲ့ကြောင်း သိရသည်။
“ရေလုပ်သားတွေရဲ့ လေယာဉ်စရိတ်၊ ပြည်တွင်းသွားလာ စရိတ်တွေနဲ့ သူတို့ရပ်ရွာ ပြန်ရောက်တဲ့ အထိ ကျနော်တို့ တာဝန်ယူ စီစဉ်ပေးခဲ့ပါတယ်။ နောက်နောင် အခုလို အခြေအနေတွေ မဖြစ်ဖို့အတွက် ရေလုပ်သားတွေကို မြန်မာ့ ရေပိုင်နက် ဥပဒေရော အိန္ဒိယနိုင်ငံရဲ့ ရေပိုင်နက် ဥပဒေတွေကိုပါ ပညာပေး ဟောပြောမှုတွေ ပြုလုပ်ပေးသွားမှာပါ”ဟု ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးဝင်းကိုကိုက ပြောသည်။
နေရပ်သို့ ပြန်ရောက်လာသူ ရေလုပ်သားများကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနမှ ငွေကျပ် ၁ သောင်း၊ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များ အသင်းမှ ငွေကျပ် ၁ သောင်း၊ ဧရာဝတီ တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ငွေကျပ် ၁ သောင်းစီ ထောက်ပံ့ ပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းက စောင် ၁ ထည်စီနှင့် ဧရာဝတီတိုင်း အမျိုးသမီးရေးရာ အဖွဲ့တို့က စားသောက်စရာများ ကူညီထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။

No comments:
Post a Comment