မောင်မန်း
ပြည်ပ အော်ပရေတာ တစ်ခုဖြစ်သည့် အူရီးဒူးမြန်မာက စာတိုပို့စနစ် (SMS) ထပ်တိုးဝန်ဆောင်မှုများကို ဇန်နဝါရီ ၁၄ ရက်တွင် စတင်ဝန်ဆောင်မှုပေးနေပြီဟု သတင်းထုတ် ပြန်သည်။
ထပ်တိုးဝန်ဆောင်မှုများတွင် စာတို မိတ္တူပေးပို့ခြင်း၊ အလိုအလျောက်စာတိုပြန်မှု၊ လက်မှတ်ပေးပို့မှုတို့ ပါဝင်မည်ဖြစ်သည်ဟု ထုတ်ပြန်ချက် ၌ ဖော်ပြထားသည်။
ယင်းဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး အူရီးဒူးမြန်မာ၏ အကြီးတန်းပြင်ပဆက်ဆံရေးနှင့် ပြန်ကြားရေး မန်နေဂျာ ဒေါ်သီရိကြာညိုက ''အရေးကြီးတဲ့အစည်းအဝေးတက်နေချိန်၊ ကားမောင်းနေချိန်တွေနဲ့ ပြည်ပရောက်နေချိန်တွေမှာ ဝင်လာတဲ့ မက်ဆေ့ခ်ျတွေကို ချက်ချင်းအကြောင်းပြန်နိုင်ဖို့ မလွယ်ပါဘူး။ ဒီဝန် ဆောင်မှုတွေက အဆင်ပြေစေမှာပါ'' ဟု ဆိုသည်။
စာတိုမိတ္တူပေးပို့သည့် ဝန်ဆောင်မှု (SMS Copy) သည် အသုံးပြုသူထံ ဝင်ရောက်လာသည့်မက်ဆေ့ခ်ျများ ကို အခြားဖုန်း တစ်လုံးထံ မိတ္တူကူးပြီး ပေးပို့နေမည့်ဝန်ဆောင်မှုဖြစ်ပြီး ပေးပို့မှု အကြိမ်တိုင်းအတွက် ၁၅ ကျပ်ကျသင့်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းဝန်ဆောင်မှုကို ရယူလိုပါက 3331 သို့*FWD ကို မက်ဆေ့ခ်ျပေးပို့ရမည် ဖြစ်သည်။
အလိုအလျောက် စာတိုပြန်မှု (SMS Reply) အသုံးပြုမည်ဆိုပါက 3331 သို့ *AR ကို ပေးပို့ရမည်ဖြစ်ပြီး အသုံးပြုသူထံဝင်လာသည့် မက်ဆေ့ခ်ျများကို အလိုအလျောက် ကြိုတင်သတ်မှတ်ထားသည့် မက်ဆေ့ခ်ျကို ပြန်ပေးနေမည် ဖြစ်သည်။
လက်မှတ်ပေးပို့မှု (SMS Signature) ဝန်ဆောင်မှုသည် ပေးပို့သည့် စာတိုများ၏ အောက်တွင် လက်မှတ်ကဲ့သို့ အမည်တစ်ခု သတ်မှတ်ပေးပို့နိုင်မည့် ဝန်ဆောင်မှုဖြစ်ပြီး ယင်းဝန်ဆောင်မှုရယူထားပါက အသုံးပြုသူပေးပို့သည့် စာတိုများ၏ အောက်တွင် သတ်မှတ်ထားသည့်လက်မှတ် အမြဲပါဝင်နေမည်ဟု အူရီးဒူး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းဝန်ဆောင်မှုကို ရယူရန် 3331 သို့ **SIGN ကို မက်ဆေ့ခ်ျ ပေးပို့ရမည်ဖြစ်သည်။ ဝန်ဆောင်မှုများ ရယူရန် 3331 သို့ ပေးပို့သည့် မက်ဆေ့ခ်ျများတွင် မက်ဆေ့ခ်ျတစ်စောင်လျှင် ၇၅ ကျပ်နှုန်း ကောက်ခံသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
No comments:
Post a Comment