အေးမွန်ရာပြည့်
ပြည်သူတွေဟာ သူတို့ ခံစားနေရတဲ့ နေ့စဉ်အခက်အခဲ ဒုက္ခတွေကို ဖြေရှင်းပေးနိုင်ဖို့ ဆိုပြီး ကယ်တင်သူ ခေါင်းဆောင်ကို ရှာကြတယ်။ တင်မြှောက်ကြတယ်။ သူတို့ တင်မြှောက်လိုက်တဲ့ ခေါင်းဆောင်တွေရဲ့ အစွမ်းကြောင့် သူတို့ လတ်တလော ခံစားနေရတဲ့ ဒုက္ခအကျပ်အတည်းတွေဟာ ချက်ချင်းပဲ ပပျောက်သွားမယ်၊ ခေါင်းဆောင်ရဲ့ ဦးဆောင်မှုကြောင့် သူတို့ ဆက်လျှောက်ရမယ့် အနာဂတ်လမ်းဟာ ပိုပြီးလုံခြုံသွားမယ်ဆိုပြီး မှတ်ထင်ထားကြတယ်။ အဲဒီစိတ်ဆန္ဒတွေနဲ့ပဲ ပြည်သူတွေဟာ ခေါင်းဆောင်တွေကို တင်မြှောက်နေကြတယ်။
ယနေ့ခေတ်မှာတော့ နိုင်ငံရေးခေါင်းဆောင်တွေဟာ လူထုရဲ့ယုံကြည်မှု၊ လူထုရဲ့ အားကိုးမှုကို ရေရှည်ရရှိဖို့ အခက်ခဲတွေ ကြုံတွေ့လာကြရတယ်။ ခေါင်းဆောင်ရတာ ပိုမိုခက်ခဲလာတယ်။ ခက်ခဲလာရတဲ့ အကြောင်းရင်းတွေထဲမှာ အကြောင်းပေါင်းများစွာ ရှိနေပေမယ့် အဓိကျတဲ့ အခက်အခဲတွေကို စိစစ်လိုက်တဲ့အခါ ၄ ခုရှိတယ်လို့ ဆိုပါတယ်။ နိုင်ငံရေးသိပ္ပံ ဘာသာရပ် ပြဌာန်းစာတွေထဲကနေ အဲဒီ အချက် ၄ ချက်ကို ကောက်နုတ် တင်ပြပေးပါမယ်။
နံပါတ် ၁ အချက်ကတော့ ဒီနေ့ခေတ် အဖွဲ့အစည်းတွေဟာ ပိုပြီး ရှုပ်ထွေးလာတာကြောင့်ပါ။ လွန်ခဲ့တဲ့နှစ်တွေတုန်းကတော့ ကမ္ဘာမှာ ဘာဖြစ်နေသလဲဆိုတာ အလွယ်တကူ မသိနိုင်ခဲ့တာကြောင့် ခေါင်းဆောင်တွေ ပြောသမျှ၊ လုပ်သမျှကိုပဲ အလွယ်တကူ လက်ခံခဲ့ကြရတယ်။ ဦးဆောင်ရ လွယ်ကူခဲ့တယ် ဆိုပါတော့။ ဒီနေ့ခေတ်ကြီးမှာတော့ ကမ္ဘာရဲ့ ဘယ်နေရာမှာ ဘာဖြစ်နေတယ်ဆိုတာ အလွယ်တကူ အချိန်ပိုင်းအတွင်းကို မြန်နှုန်းမြင့် သိရှိနေကြပြီ။ ခေါင်းဆောင်က ဘယ်လိုတွေ၊ ဘာတွေ တိုးတက်နေပြီ၊ အပျက်စီးမရှိပါဘူးတို့၊ ဆုတ်ယုတ်မှု မရှိပါဘူးတို့ စသဖြင့် မဟုတ်တာတွေ လျှောက်ပြောနေတာကိုလည်း ငြိမ်ခံနေမှာ မဟုတ်တော့ပါဘူး။
အားလုံးသော ပြည်သူတွေမှာ အင်တာနက်တို့၊ လူမှုကွန်ရက် ဖေ့စ်ဘုတ်တို့လို ကမ္ဘာကြည့် ကြည့်နိုင်တဲ့ မျက်လုံးအစုံတွေ ရှိနေကြပါပြီ။ အဲဒီ အင်တာနက်၊ အွန်လိုင်းတွေပေါ်မှာတင် ငြင်းကြ၊ ခုန်ကြပြီး အသံပေါင်းစုံ ထွက်ပေါ်လာမယ်။ မြင်သာအောင် ဥပမာပေးရရင် လူထုဟာ ခေါင်းဆောင်ကို အများကြီး မျှော်လင့်ပြီး ရွေးချယ်ထားကြတယ်။ လူထုက သူတို့ ရွေးကောက်တင်မြှောက်ခဲ့တဲ့ ခေါင်းဆောင်ဟာ မျှော်လင့်သလောက် ဖြစ်မလာတဲ့အခါမှာ ပြည်သူတွေက ဝေဖန်ကြတယ်။ တနည်းပြောရရင် ခေါင်းဆောင်တွေ အနေနဲ့ ပြည်သူကို အပေါ်ယံသဘော ပေါ့ပေါ့တန်တန် အုပ်ချုပ်လို့ မရတော့တာကြောင့် ဒီနေ့ခေတ်မှာ ခေါင်းဆောင်လုပ်ရတာ ပိုခက်လာတဲ့သဘောပါပဲ။
နံပါတ် ၂ အချက်ကတော့ ခေါင်းဆောင်တွေရဲ့ နိုင်ငံရေး အရည်အသွေးပါပဲ။ အရင်ခေတ်တွေတုန်းက နိုင်ငံရေး အိုင်ဒီယာတွေဆိုတာ ပြည်သူတွေကို စုစည်းဖို့ အကောင်းဆုံး ဖြစ်ခဲ့တယ်။ ဥပမာအားဖြင့်ဆို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကြီး စတင် အကောင်ဖော်တဲ့အခါမှာ ပြည်သူတွေကိုဆိုရှယ်လစ်အတွေးအခေါ်တွေနဲ့ စုစည်းသိမ်းသွင်းတယ်။ ဒီမိုကရေစီခေတ်ကို ရောက်တဲ့အချိန်မှာလည်း ဒီမိုကရေစီဆိုပြီး လူထုကို သိမ်းကျုံးစည်းရုံးနိုင်ခဲ့တယ်။ ဒီနေ့ ခေတ်အခါမှာကျတော့ ဘယ်နိုင်ငံရေး အတွေးအခေါ်ကမှ အကောင်းဆုံးဆိုတာ မရှိတော့ဘဲ အတွေးအေခ်ါတွေ အားလုံးထဲက ကောင်းတာတွေ စုပြီးလုပ်နေရတဲ့ အချိန်ဖြစ်နေပြီ။
နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ အားကိုးစရာ နိုင်ငံရေးအတွေးအခေါ်ဆိုတာ မရှိတော့ပါဘူး။ ဒါကြောင့်လူထုကို နိုင်ငံရေး အတွေးအခေါ်တခုတည်းနဲ့တင် ဆွဲဆောင်လို့ မရတော့ဘဲ ကိုယ့်ရဲ့ အရည်အချင်းတွေကို ထုတ်ပြဖို့ လိုအပ်လာတယ်။ အိုင်ဒီယော်လော်ဂျီထက် မိမိရဲ့ကိုယ်ပိုင် နိုင်ငံရေး အရည်အချင်းစွမ်းရည်တွေ ထုတ်ပြရတော့မှာ ဖြစ်လို့ နိုင်ငံရေးဝမ်းစာ ပြည့်ဝမှု မရှိရင်တော့ ယနေ့ခေတ်မှာ ခေါင်းဆောင်တွေအတွက် ဦးဆောင်ရခက်ခဲတာ အသေအချာပါပဲ။
နံပါတ် ၃ အချက်ကတော့ နံပါတ် ၁ အချက်နဲ့ ခပ်ဆင်ဆင်တူပါတယ်။ အရင်ခေတ်က အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့တဲ့ မြန်မာနိုင်ငံမှာ တမျိုးသားလုံးဟာ လွတ်လပ်ရေးရဖို့ တစည်းတလုံးတည်း ကြိုးစားကြတယ်။ ဘုံရပ်တူမှု ရှိခဲ့တယ်။ ဒီနေ့ခေတ် အခြေအနေမှာတော့ ပြည်ပနိုင်ငံတနိုင်ငံက လာအုပ်ချုပ်နေတာ မရှိဘူး။ ဘုံရန်သူ မရှိဘူး။ ဒါကြောင့် ရှမ်းက ရှမ်းအမျိုးသားရေး၊ ကချင်က ကချင်အမျိုးသားရေး၊ ကရင်က ကရင်အရေး ၊ ဗမာက ဗမာအမျိုးသားရေး စသဖြင့် အသီးသီး လုပ်ဆောင်လာကြတယ်။ ဒီအခါမှာ ဗဟိုမှာရှိတဲ့ အစိုးရ ဒါမှမဟုတ် ခေါင်းဆောင်က အကုန်လုံးကြိုက်မယ့်၊ အားလုံးလက်ခံမယ့် နိုင်ငံရေးလုပ်ငန်းတွေ လုပ်ရတော့မယ်။ ဒီနေရာမှာ အားလုံးက လက်ခံအောင်လုပ်ဖို့ ဆိုတာကလည်း တော်တော်ကို မလွယ်ကူတဲ့ အနေအထားပါ။
ထင်သာမြင်သာရှိစေမယ့် ဥပမာ တခုကိုပြရရင် မြေပြန့်ဒေသမှာ လမ်းတံတားဖောက်ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်နေတယ်ဆိုရင်လည်း တောင်ပေါ်ဒေသက လူတွေက သူတို့နဲ့ တိုက်ရိုက်သက်ဆိုင်မှု မရှိဘူးဆိုပြီး ဂရုစိုက်ကြမှာ မဟုတ်ပါဘူး။ တိုင်းရင်းသား ကိစ္စတင် မဟုတ်ပါဘူး လူ့အဖွဲ့အစည်းထဲမှာကို သဘာဝ ပတ်ဝန်းကျင်အရေး၊ နိုင်ငံရေးအရ တန်းတူညီမျှရေး ၊ကျောင်းသားအရေး၊ ဘာသာရေး၊ အလုပ်သမား လယ်သမားအရေး စသဖြင့် နယ်ပယ်မျိုးစုံ ကွဲပြားနေတာကြောင့် အားလုံး ကျေနပ်နိုင်မယ့် ရလဒ်ထွက်စေဖို့ဆိုတာ ခက်ခဲလွန်းလှပါတယ်။ တချို့ကဏ္ဍတွေက ထိပ်တိုက်တွေ့နေတဲ့ အနေအထားတွေဖြစ်လို့ အားလုံးသဘောကျပြီး ကျေနပ်စေဖို့ဆိုတာ တော်တော်ကို ခက်ခဲလွန်းလှပါတယ်။ ကွဲပြားခြားနားမှုတွေများပြီး ညှိရခက်ခဲနေမှုဟာလည်း ဒီနေ့ခေတ်မှာ ခေါင်းဆောင်ရ ခက်ခဲလာစေတဲ့ အချက်တချက် ဖြစ်နေပါတယ်။
အချက် ၄ ချက်အနက် နောက်ဆုံးအချက်ကတော့ ခေါင်းဆောင်နဲ့ သာမာန်ပြည်သူ အကြားမှာရှိနေတဲ့ နိုင်ငံရေး အတွေးအမြင် ကွာဟမှုတွေပဲ ဖြစ်ပါတယ်။ နိုင်ငံရေးအသိအမြင် အတွေ့အကြုံရှိတဲ့ သူတွေဟာ နိုင်ငံရေးကို ကြိုတင်လှမ်းမြင်တတ်ကြပြီး ရေရှည်အတွက်ကိုသာ အဓိကထား ဆောင်ရွက်ကြတယ်။ ပြည်သူတွေကတော့ သူတို့ခံစားနေတဲ့ အရာတွေကို ချက်ချင်း ဖြေရှင်းပေးစေချင်ကြတယ်။ နိုင်ငံရေးသမားတွေက အမြင့်ကြီးတွေကို မျှော်မှန်းပြီး လုပ်နေပေမယ့် သာမာန်ပြည်သူတွေကတော့ နားမလည်တာတွေ ရှိလာတယ်။ ဥပမာပြောရရင်တော့ ခေါင်းဆောင်က တိုင်းပြည်ရေရှည် တိုးတက်ဖွံ့ဖြိုးဖို့ စီစဉ်ဆောင်ရွက်နေချိန်မှာ ပြည်သူက လမ်းဖောက်ပေးတာ၊ တံတားဖောက်ပေးတာလေးနဲ့တင် ကျေနပ်နေတာမျိုးပါ။ ပြည်သူတွေက သူတို့ရဲ့ လိုအပ်ချက်တွေကို လျစ်လျူရှုတယ်လို့ မြင်လာပြီး နောက်ပိုင်းမှာ ခေါင်းဆောင်တွေကို အားမကိုးတော့ဘဲ သူတို့လည်း လုပ်ချင်တာ လုပ်နေတာပဲ၊ သူတို့လည်း လုပ်ချင်တာ လုပ်မယ်ဆိုပြီး ဖြစ်လာတတ်ပါတယ်။
အခုဖော်ပြခဲ့တဲ့အချက်တွေကတော့ ဒီနေ့ခေတ်မှာ လူထုကို ခေါင်းဆောင်မှုပြုဖို့ ခက်ခဲလာစေတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
ဒီမိုကရေစီ အပြောင်းအလဲကို ဦးတည်နေတဲ့ဆိုတဲ့ မြန်မာနိုင်ငံမှာလည်း အနာဂတ်နိုင်ငံအတွက် နေရာတိုင်းမှာ ခေါင်းဆောင်နိုင်မှုဟာ အရေးကြီးတဲ့ စိန်ခေါ်မှုတခု ဖြစ်နေပါပြီ။ စစ်အာဏာရှင်တွေ နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တဲ့ မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာ လိုအပ်ချက်တွေ များစွာရှိနေခဲ့တာကြောင့် ပြည်သူလူထုရဲ့ လိုအင်ဆန္ဒတွေ၊ ပြုပြင်ပြောင်းလဲရေး အတွက် လိုအပ်ချက်တွေကို အချိန်တိုတွင်း ပြည်စုံအောင် ဖော်ဆောင်ပေးဖို့ဆိုတာ အင်မတန်မှ ခက်ခဲပါတယ်။ အဲဒီအခက်အခဲကို ပညာနဲ့ ဆန်းစစ်နိုင်တဲ့ အင်စတီကျူးရှင်းတွေ နည်းနေသေးသမျှ ပြုပြင်ပြောင်လဲရေးကို အရွေ့တခုအထိ ထိရောက်စွာ တွန်းပို့ပေးနိုင်မယ့် ခေါင်းဆောင်တွေလည်း နည်းပါးနေဦးမှာ ဖြစ်ပါတယ်။

No comments:
Post a Comment