ရွှေအောင်
ဝါရင့်အားကစားကလောင်ရှင် ခင်မောင်ထွေး (ပျဉ်းမနား) ဟာ စက်တင်ဘာ ၂၇ ရက်၊ မွန်းလွဲပိုင်းက ရန်ကုန် SSC ဆေးရုံမှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၈၅ နှစ်ရှိပြီဖြစ်တဲ့ ဦးခင်မောင်ထွေးဟာ ဘ၀တလျှောက်လုံး စာရေးသားခြင်းတခုတည်းနဲ့ မိသားစုဘ၀ကို ထိန်းကျောင်းရပ်တည်သွားသူ ဖြစ်တယ်လို့ သားဖြစ်တဲ့ အားကစားကလောင်ရှင် ကိုဇော်မျိုးသန့်က ပြောပါတယ်။
“သူက ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်းမှာ အားကစားမှူးအဖြစ် စပြီးတော့ ဘ၀ကို ရပ်တည်ခဲ့တာပေါ့။ အဲ့ဒီကမှ ဗိုလ်တထောင်သတင်းစာမှာ အားကစားသတင်းထောက်အဖြစ် တာဝန်ထမ်းဆောင်တယ်၊ အဲ့ဒီကမှတဆင့် ဗိုလ်တထောင်သတင်းစာမှာ အယ်ဒီတာ၊ အဲ့ဒီကနေ အလုပ်က အထုတ်ခံရပြီး နောက်ပိုင်းမှာတော့ အားကစားစာပေရေးသားတာ တခုတည်းနဲ့ပဲ ကျနော်တို့ ညီအစ်ကိုမောင်နှမ ၇ ဦးစလုံး လူလားမြောက်တဲ့ထိ ကျွေးမွေးပြုစု စောင့်ရှောက်သွားခဲ့တာပါ။”
ဦးခင်မောင်ထွေးဟာ ပျဉ်းမနားဇာတိဖြစ်ပြီး သူ့ကလောင်နောက်မှာ ဇာတိမြို့ကို အမြဲထည့်သွင်း ရေးသားဖော်ပြလေ့ရှိပါတယ်။
တက်လမ်းအားကစားဂျာနယ်၊ အယ်ဒီတာချုပ် ဦးချစ်ဝင်းမောင်က ဦးခင်မောင်ထွေးဟာ မကွယ်လွန်မီအထိ အားကစားဆောင်းပါးတွေ ရေးသားသွားခဲ့ပြီး ပြီးခဲ့တဲ့အပတ်ထုတ် သူ့ဂျာနယ်မှာ ရေးသားသွားခဲ့တယ်လို့ ပြောပါတယ်။
ဦးခင်မောင်ထွေးရဲ့ ဈာပနကို စက်တင်ဘာ ၂၉ ရက် မနက် ၁၁ နာရီ ရေဝေးသုသာန်မှာ ကျင်းပမှာဖြစ်ပါတယ်။
No comments:
Post a Comment